ပြည်သူ့စစ်မှုထမ်းများတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များ ရရှိထားသူ ၁၁၅ ဦးအထိဟုဆို

(ကာကွယ်ရေး) မေ ၁၅

ပြည်သူ့စစ်မှုထမ်းသင်တန်းများကို အမှတ်စဉ် (၂၂) အထိ အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး ယင်းသင်တန်းများအနက်မှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များ ရရှိထားသူ ၁၁၅ ဦးအထိ ရှိပြီးဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်နှစ်ခုကို ဆက်လက်ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟုသိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့များအနေဖြင့် မိမိနယ်မြေအတွင်းရှိ အကျုံးဝင်သူများ၏ အင်အားစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ တိကျမှန်ကန်စွာ ပြုစုမှတ်ပုံတင်ရန် လိုအပ်ကြောင်းလည်း ပြောဆိုထားသည်။

ထို့ပြင် မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရန် စီမံထားရှိမည်ဖြစ်ပြီး ယခုအခါ စစ်မှုထမ်းကာလ ပြည့်မြောက်ပြီး တာဝန်ကျေပွန်ခဲ့သူများအတွက် အစိုးရဌာနများတွင် အလုပ်အကိုင်များ၊ ပြည်ပအလုပ်အကိုင်များ၊ ပုဂ္ဂလိကကဏ္ဍအလုပ်အကိုင်များနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး စတင်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြောကြားထားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်သည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။