
(အုပ်ချုပ်ရေး) မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ မေ ၁၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၇၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကျောင်းဖွင့်လှစ်မီကာလအတွင်း စာသင်ကျောင်းများအတွက် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်၊ မိုးစပါးစိုက်ပျိုးရေး လျာထားချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ရန်နှင့် ဝါးစိုက်ပျိုးမှုဆိုင်ရာ စာရင်းများ ပြုစုတင်ပြရန် တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရသည်။