တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူထားသည့်ကြားမှ မာကိုရူဘီယိုအား ထရန့်၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရန် အမည်ပြောင်းလဲခဲ့

(နိုင်ငံတကာ)မေ ၁၄

     တရုတ်အစိုးရ၏ နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့အရေး ယူခြင်း ခံထားရသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) သည် သမ္မတ ဒေါ်နယ်ထရန့်၏ တရုတ်ပြည်ခရီးစဉ်အတွင်း ပေကျင်းမြို့သို့ အံ့အားသင့်ဖွယ် ဝင်ရောက်နိုင်ခဲ့သည်။ ယင်းသို့ ဝင်ရောက်နိုင်ခြင်းမှာ တရုတ်အစိုးရက ၎င်း၏အမည်ကို ဘာသာစကားဆိုင်ရာ လှည့်ကွက်ဖြင့် ပြောင်းလဲရေးသားကာ သံတမန်ရေးရာ လမ်း ကြောင်းဖွင့်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

     အယ်လ်ဂျာဇီးယား သတင်းထောက် Alan Fisher ၏ တင်ပြချက်အရ ပေကျင်းအစိုးရသည် ရူဘီယိုအား ပြည်ဝင်ခွင့်ပြုရန်အတွက် တရားဝင်စာရွက်စာတမ်းများတွင် ၎င်း ၏အမည်ကို အသံထွက်ပြောင်းလဲရေး သားခြင်း(Transliteration) ပြုလုပ်ခဲ့သည်။ ရူဘီယို၏ မျိုးရိုးအမည် “Rubio” ရှိ ပထမစာလုံးကို တရုတ်ဘာ သာစကားဖြင့် “Lu” ဟု အသံထွက်သည့် စာလုံးဖြင့် အစားထိုးကာ “မာကို လူ” (Marco Lu) ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ် သည်။

     ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် တရုတ်အစိုးရသည်ရူဘီယိုအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို တရားဝင်ရုပ်သိမ်းရန် မလိုဘဲ ခရီးစဉ်ကို အကောင် အထည်ဖော်နိုင်ခဲ့သည်။ သံတမန်ရေးရာအရ မျက်နှာ ပန်းလှစေရန် ဖန်တီးနိုင်ခဲ့ပြီး အဆိုပါပိတ်ဆို့မှုများကို အခြားအချိန်များတွင် ဆက် လက်ကျင့်သုံးနိုင်မည့် အခွင့်အရေးကိုလည်း ချန်လှပ်ထားနိုင်ခဲ့သည်။ တရုတ်အစိုးရပိုင် မီဒီယာများသည် ရူဘီယို နိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်မယူမီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လကတည်းက ဤအမည်သစ်ကို စတင်သုံးစွဲခဲ့ကြကြောင်း သိရသည်။

     ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က မစ္စတာရူဘီယိုအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများသည် ၎င်းအထက်လွှတ်တော်အမတ်ဘဝက လုပ် ဆောင်ချက်များအပေါ် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် သမ္မတထရန့်နှင့်အတူ ပေကျင်းထိပ်သီးအစည်း အဝေးသို့ လာရောက်မည့်ကိစ္စတွင်မူ ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးရန် ဆန္ဒရှိကြောင်း အရိပ်အယောင် ပြသခဲ့သည်။

     အဆိုပါ ပိတ်ဆို့မှုများသည် ၂၀၁၉ ခုနှစ်မှ ထရန့်အစိုးရအဖွဲ့တွင် အမည်စာရင်း တင်သွင်းခံရချိန်အထိ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက ဖြစ်သည်။

     တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ်တွင် ရူဘီယိုကို နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့အရေးယူခဲ့သည်။ အကြောင်းမှာ ဟောင်ကောင်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရန် တောင်းဆိုမှုများအပေါ် တရုတ်၏ နှိမ်နင်းမှုများကို ရူဘီယိုက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သောကြောင့် ဖြစ်သည်။

     ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ကွန်မြူနစ်စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်သည့် ရူဘီယိုသည် ရှင်ကျန်းဒေသရှိ မွတ်စလင် လူ နည်းစု ဝီဂါ (Uyghur) များအပေါ် တရုတ်၏ ဖိနှိပ်မှုများကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

   ထို့ပြင် အထက်လွှတ်တော်အမတ်အဖြစ် ရူဘီယိုသည် ၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သည့် “ဝီဂါ အဓမ္မလုပ်အား ပေးမှု တားဆီးရေးအက်ဥပဒေ” (Uyghur Forced Labor Prevention Act) ကို အဓိက တင်ပြခဲ့သူလည်း ဖြစ်သည်။ ယင်းဥပဒေမှာ တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှ တင်သွင်းသည့် ကုန်စည်များသည် အဓမ္မလုပ်အားပေးမှုဖြင့် ထုတ် လုပ်ထားခြင်း မဟုတ်ကြောင်း ကုမ္ပဏီများက သက်သေပြရန် လိုအပ်သည့် ဥပဒေဖြစ်သည်။

​#MarcoRubio #USA #China #Diplomacy #DonaldTrump #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN