(လုံခြုံရေး) မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(အောင်ဇေယျ)၌ မေ ၁၂ ရက် နံနက်ပိုင်းတွင် Drone ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး စာသင်ဆောင်အချို့ ထိခိုက်ပျက်စီးကာ လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်အရ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အင်းတော်မြို့ အနောက်ဘက် မီတာ ၂၆၀၀ ခန့်အကွာမှ PDF တွေက FPV Suicide Drone ၂ စီးဖြင့် ပစ်လွှတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး မူလတန်းကျောင်းအုပ်ဆရာတစ်ဦးနှင့် ရုံးဝန်ထမ်း ၂ ဦးတို့တွင် ဗုံးစထိမှန်၍ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည် ကျောင်းဖွင့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေစဉ် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးတပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအစီအမံများကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။

#PAN