တာချီလိတ်တွင် မိုးရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ကာ ရေကြီးမှု့ဖြစ်ပွား

(ပြည်တွင်း) မေ ၁၁

တာချီလိတ်မြို့တွင် ယမန်နေ့ မေလ ၁၀ ရက် ညပိုင်းက မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ပြီး လမ်းများပေါ်တွင် ရေလျှံမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၉ ရက်နှင့် ၁၀ ရက် ညနေပိုင်းများတွင် မိုးရွာသွန်းခဲ့ခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့နှင့် ရှမ်းရိုးမကွင်းအနီးရှိ လမ်းများနှင့် နေအိမ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

တာချီလိတ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် Slab Culvert တံတားငယ် ၁၄ စင်း တည်ဆောက်သွားမည်ဖြစ်ပြီး မြို့တွင်းဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းများကိုလည်း ဆယ်ယူရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ရေကြီးမှု လျော့နည်းသက်သာစေရေးအတွက် ပုန်းထွန်ရပ်ကွက်တွင် တံတားငယ် ၅ စင်း၊ မကာဟိုခမ်းရပ်ကွက်တွင် ၄ စင်း၊ ရန်အောင်မြေရပ်ကွက်တွင် ၂ စင်း၊ မယ်ခေါင်ရပ်ကွက်တွင် ၂ စင်း၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ၁ စင်း စုစုပေါင်း တံတားငယ် ၁၄ စင်းနှင့် ရေမြောင်း ၅ ခုတို့ကို ဆောင်ရွက်ရန် လျာထားလုပ်ဆောင်နေသော်လည်း တာချီလိတ်မြို့သည် မိုးရွာတိုင်း ရေကြီးရေလျှံမှုဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်‌ေကြာင်းသိရသည်။

#PAN