မကွေးနှင့် ရှမ်းပြည်နယ်တွင် နင်းမိုင်းပေါက်ကွဲမှုများကြောင့် လူသေဆုံး၊ ဒဏ်ရာရသူများရှိ

(မှုခင်း) မေ ၁၁

မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နင်းမိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မေ ၈ ရက် နံနက် ၁၁ နာရီခွဲကျော်တွင် မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာသဖြင့် စစ်ဆေးရာ နံနက် ၉ နာရီမတိုင်မီအချိန်တွင် မင်းဘူးမြို့နယ် လေးပင်ကျေးရွာအနီး စစ်မြောင်တောအတွင်း ထင်းခုတ်နေစဉ် နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် ရေစကြိုမြို့နယ် ဆန်းသစ်ကျေးရွာအနီး ငှက်ပစ်နေသည့် ကလေးလေးဦးအနက် တစ်ဦးမှ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ရာ ကလေးနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူများကို ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီကျော်တွင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌လည်း အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ အိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် နင်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#PAN