ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ လျော့နည်းကျဆင်း

(စီးပွားရေး) မေ ၈

မြန်မာနိုင်ငံတွင် ပြည်တွင်းသုံးစွဲရန် လိုအပ်လျက်ရှိသော စက်သုံးဆီများကို ပြည်ပမှ အဓိကတင်သွင်းအသုံးပြုနေရသည့် နိုင်ငံတစ်ခုဖြစ်ပြီး စက်သုံးဆီဝယ်ယူရာတွင် အရှေ့တောင်အာရှဒေသရှိ Mean of Platts Singapore (MOPS) ဈေးနှုန်းများအပေါ် အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေသတွင်း ပဋိပက္ခများနှင့် အခြေအနေများကြောင့် MOPS ဈေးနှုန်းများတွင် အတက်အကျ မတည်ငြိမ်မှုများ ရှိနေသော်လည်း နိုင်ငံတော်အစိုးရ၏ စီမံဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) တို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှစတင်၍ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်လာပြီး လျော့နည်းကျဆင်းလာကြောင်း သိရသည်။

ထို့အပြင် ဒီဇယ်ဆီအသုံးပြု မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်နေသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများကို ထိန်းညှိနိုင်စေရန် ရိုးရိုးဒီဇယ်ဆီ HSD (500 PPM) တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)တို့ကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်များကြောင့် ပရီမီယံဒီဇယ်နှင့် နှိုင်းယှဉ်ပါက ရိုးရိုးဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၁,၀၂၀ ကျပ်ခန့် သက်သာလျက်ရှိကြောင်းလည်း သိရသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီ မပြတ်လပ်စေရေးနှင့် အရံဆီလုံလောက်စွာ သိုလှောင်ထားရှိနိုင်ရေးကို ဆက်လက်စီမံဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းညှိဆောင်ရွက်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

#PAN