(အားကစား) မေ ၇
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့သည် မေ ၇ ရက်နေ့တွင် မုံရွာမြို့ရှိ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား “ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် မုံရွာခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မုံရွာခရိုင်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲပြီးဆုံးပြီးနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကောင်းဆုံးကစားသမားဆုများ၊ ဒုတိယဆုနှင့် ပထမဆုရအသင်းများအား တံဆိပ်များနှင့် တံခွန်စိုက်ဒိုင်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ခဲ့ကြပြီး ညနေ ၅ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား “ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား”သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများသည် လူငယ်များအကြား အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
#PAN