
(နိုင်ငံတကာ)မေ ၅
ပနားမားအလံလွှင့်ထူထားသည့် တောင်ကိုရီးယားအထွေထွေကုန်တင်သင်္ဘော HMM Namu သည် ကျောက်ချရပ်နားထားစဉ် ပေါက်ကွဲမှုတစ်ခုနှင့် ကြုံ တွေ့ခဲ့ရသည်။
၂၀၂၆ ခုနှစ်တွင် တည်ဆောက်ထားသည့် တန်ချိန် ၃၈,၀၀၀ ရှိ HMM Namu သင်္ဘောသည် UAE နိုင်ငံ၊ Umm Al Quwain မြို့ ကမ်းလွန်ရှိ ရေပိုင်နက်ပြင်ပ (OPL) တွင် ကျောက်ချရပ်နားထားစဉ် အရာဝတ္ထုတစ်ခု၏ ထိမှန်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ ယူတီစီစံတော် ချိန် ၁၁:၄၀ နာရီတွင် အနီးနားရှိ သင်္ဘောတစ်စင်းက အရေးပေါ်အချက်ပေးချက်ကို ပေးပို့ခဲ့သည်။
ရေကြောင်းလုံခြုံရေးလုပ်ငန်းတစ်ခုဖြစ်သော Vanguard Tech ၏ အဆိုအရ ပေါက်ကွဲမှုသည် သင်္ဘော၏ဘယ်ဘက်ခြမ်း အင်ဂျင်ခန်းအနီးတွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးသတင်းရင်းမြစ်များ၏ ခန့်မှန်းချက်အရ ပေါက်ကွဲမှု၏ အရင်းအမြစ်မှာ ပင်လယ်ရေပြင်သွား ဒရုန်း(USV) သို့မဟုတ် မျောပါ လာသည့် ရေမြှုပ်မိုင်းတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။ မဟာမိတ်တပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
HMM Namu သင်္ဘောပေါ်တွင် လိုက်ပါလာသည့် တောင်ကိုရီးယားနိုင်ငံသား ၆ ဦးနှင့် အခြားနိုင်ငံသား ၁၈ ဦး၊ စုစုပေါင်း သင်္ဘောသား ၂၄ ဦးစလုံး ဘေးကင်းကြောင်း သတင်းရရှိသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ မရှိသေးပေ။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က UAE နိုင်ငံ၊ Ras Al-Khaimah ကမ်းလွန်တွင် ကျောက်ချထားသော သင်္ဘောများကို ၎င်းတို့၏နေရာများမှ ဖယ်ရှားကြရန် သတိပေးချက်များ ထွက်ပေါ်ခဲ့ဖူးသည်။
မေလ ၄ ရက်နေ့တွင် အီရန်နိုင်ငံက ဟော်မုဇ်ရေ လက်ကြား၌ ရေကြောင်းထိန်းချုပ်ရေးနယ်မြေအသစ်တစ်ခုကို ကြေညာခဲ့သည်။ အဆိုပါနယ်မြေသည် အီရန်နိုင်ငံရှိ Mubarak တောင်နှင့် UAE နိုင်ငံ ဖူဂျိုင်ရာ (Fujairah) မြို့တောင်ဘက်အကြား၊ အနောက်ဘက်တွင်မူ အီရန်နိုင်ငံ Qeshm ကျွန်းအစွန်းနှင့် UAE နိုင်ငံ Umm Al Quwain မြို့အကြားအထိ ကျယ်ပြန့်သည်။
ယခုဖြစ်စဉ်သည် ၂၄ နာရီကျော်အတွင်း အဆိုပါဒေသ၌ ကုန်သွယ်ရေးသင်္ဘောများအပေါ် တတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မေလ ၃ ရက်နေ့ကလည်း ဖူဂျိုင်ရာမြို့ မြောက်ဘက် ၇၈ ရေ မိုင်အကွာတွင် ရေနံတင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် တိုက် ခိုက်ခံခဲ့ရသလို၊ ထိုနေ့မှာပင် အီရန်နိုင်ငံ Sirik မြို့ အနောက်ဘက် ၁၁ ရေမိုင်အကွာတွင် ကုန်တင်သင်္ဘောကြီးတစ်စင်းမှာလည်း လှေငယ်များစွာ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
#HormuzStrait #Trump #Iran #UAE #HMMNamu #BreakingNews #Positive AngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN