တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး

(ပြည်တွင်း) မေ ၅


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော်အဆင့်မြင့်အရာရှိကြီးများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ အိန္ဒိယဘက်မှ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အပါအဝင် စစ်သံမှူးများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးမှုတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ အဆင့်လိုက် အပြန်အလှန်လည်ပတ်မှုများ တိုးချဲ့ဆောင်ရွက်ရေး၊ ယဉ်ကျေးမှုနှင့် အားကစားအဖွဲ့များ ဖလှယ်ရေး၊ သင်တန်းသားများ စေလွှတ်ရေးနှင့် ပင်လယ်ရေကြောင်းကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍစုံတွင် ပိုမိုတိုးတက်ခိုင်မာစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံရေတပ်များအကြား စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း အကျိုးစီးပွားဖော်ဆောင်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲအပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြောင်း သတင်းရရှိသည်။