(ပြည်တွင်း) မေ ၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ မြို့ရှိ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ကာ ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသော ပြည်သူများအား တွေ့ဆုံအားပေးခဲ့ပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ထို့နောက် ကျောင်းတိုက် ဓမ္မာရုံတွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနိုင်ဦး က ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် အခြေခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ရိက္ခာထောက်ပံ့မှုများကိုလည်း တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် အချင်းချင်း ပူးပေါင်းကူညီကာ လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ကြရန် တိုက်တွန်းခဲ့ပြီး ကလေးငယ်များ ပညာသင်ကြားနိုင်ရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များကိုလည်း စာနာစိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့အပြင် စုရပ်များအတွင်း လိုအပ်ချက်များကို တင်ပြရာ ဝန်ကြီးချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
#PAN