(ပြည်တွင်း) မေ ၂
မိမိတို့ကိုရွေးချယ်ပေးလိုက်တဲ့ပြည်သူများရဲ့ ဆန္ဒနဲ့မျှော်လင့်ချက်များကို အထူးအလေးထားဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ပြည်သူလွှတ်တော်ဥက္ကဌဦးခင်းရီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကိုမှာကြားတယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၂ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော်သဘင်ဆောင်မှာတွေ့ဆုံခဲ့ပြီး အခုလိုမှာကြားလိုက်တာလို့ သိရပါတယ်။
အဲဒီလိုတွေ့ဆုံစဉ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်၊ အစိုးရ၊ လွှတ်တော်၊ ပြည်သူ ပူးပေါင်းပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အပံ့ကောင်းတွေဖြစ်အောင်ကြိုးစားဆောင်ရွက်သွားကြဖို့ကိုလည်း မှာကြားခဲ့တယ်လို့သိရပြီး ဥပဒေပြုလုပ်ငန်းတာဝန်တွေကိုဆောင်ရွက်တဲ့အခါမှာ သေချာစွာစီစစ်ဆောင်ရွက်သွားရမှာဖြစ်တဲ့ အတွက်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေအရကိစ္စရပ်တွေကိုနားလည်တတ်ကျွမ်းဖို့လိုတယ်လို့လည်းဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူလူထုနဲ့ အစိုးရအကြား ပြည်သူတွေရဲ့ လိုလားတွေကိုကြားခံတစ်ခုအပြင်ဆောင်ရွက်ပေးနေရမယ့်သူတွေဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေဖွင့်လှစ်ပြီး တိုက်ရိုက်ထိတွေ့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ရဲ့တာဝန်တွေကိုပြည့်စုံအောင်ဆောင်ရွက်ပေးနိုင်တဲ့ကိုယ်စားလှယ်တွေဖြစ်အောင်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
နိုင်ငံတကာလွှတ်တော်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာလွှတ်တော်တွေ အာဆီယံလွှတ်တော်တွေနဲ့နိုင်ငံတကာဆက်ဆံရေးတိုးမြင့်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောပါတယ်။

လွှတ်တော်ဟာနိုင်ငံတော်ကအားကိုးရတဲ့ဥပဒေပြုရေးမဏ္ဍိုင်ကြီးတစ်ခုဖြစ်လာစေရေးနဲ့ ပြည်သူလူထုကိုအမှတ်တကယ်အကျိုးပြုတဲ့ပြည်သူလူထုအားကိုးရာလွှတ်တော်တစ်ခုဖြစ်လာအောင်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကပြောဆိုခဲ့ပါတယ်။
အဲ့ဒီနောက် ပြည်သူလွှတ်တော်ဥက္ကဌဟာ ပုလဲခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးတွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
