မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ကဆုန်ညောင်ရေသွန်းပွဲတော်များ ကျင်းပ

(ပြည်တွင်း) မေ-၁

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ စေတီတော်များတွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ် ညောင်ရေသွန်းပွဲတော်များကို ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် နတ်ရေကန်ကျေးရွာအုပ်စုရှိ စွယ်တော်မြတ်စေတီတော် (မန္တလေး) တွင် (၁၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ညနေ ၁၆း၃၀ မှ ၁၆း၄၅ နာရီအထိ ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အစီအစဉ် (၅)ရပ်ဖြင့် ကျင်းပခဲ့ပြီး စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့မှ နတ်ပင့်ဂါထာနှင့် ဖွင့်ပွဲဂါထာများ ရွတ်ဖတ်၍ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် နတ်၊ နဂါး၊ ဗြမ္မာ၊ ဂဌုန်တို့အား ဦးစွာညောင်ရေသွန်းလောင်းပူဇော်ခဲ့ပြီး တက်ရောက်လာသည့် တာဝန်ရှိသူများမှ မဟာဗောဓိညောင်ပင်အား ဆက်လက်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ညနေ ၁၆း၅၀ မှ ၁၇း၁၅ နာရီအထိ ဆင်ရွာမြင်းမူးကျေးရွာအုပ်စုရှိ ဝေရောဇန ကျောက်စိမ်းစေတီတော်တွင် (၁၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများအပါအဝင် ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင်လည်း ဂေါပကအဖွဲ့မှ နတ်ပင့်ဂါထာနှင့် ဖွင့်ပွဲဂါထာများ ရွတ်ဖတ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နတ်၊ နဂါး၊ ဗြမ္မာ၊ ဂဌုန်တို့အား ဦးစွာညောင်ရေသွန်းလောင်းပူဇော်ကာ တာဝန်ရှိသူများမှ မဟာဗောဓိညောင်ပင်အား ဆက်လက်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်များ ကျင်းပခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသည့် ဘာသာရေးပွဲတော်တစ်ရပ်ဖြစ်ပြီး မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

#PAN