ကော့ကရိတ်မြို့နယ်တွင် သမဝါယမကဏ္ဍ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းဆွေးနွေး

(ပြည်တွင်း) ဧပြီ ၂၉


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့် ဦးဆောင်သည့် ကွင်းဆင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ကော့ကရိတ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၉ ရက်နေ့တွင် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အသင်းသားများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် သမဝါယမဦးစီးဌာနအနေဖြင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့အပြင် အသင်းသားများ ဆောင်ရွက်လျက်ရှိသည့် တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် မတည်ရင်းနှီးငွေများကို ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှတဆင့် ထောက်ပံ့ကူညီနိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တက်ရောက်လာသည့် အသင်းသားများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်သည့် တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့အပြင် နေ့လည်ပိုင်းတွင် ကျုံဒိုးဓမ္မသုခကျောင်း ဆရာတော်၊ အင်းကြီးကျေးရွာ ဆရာတော်၊ အင်းကြီးကျေးရွာ မုကျိတိုက်ဆရာတော်၊ ချောင်းဖျားကျေးရွာ ဆရာတော်များနှင့်အတူ ဒေသခံတာဝန်ခံများကိုလည်း တွေ့ဆုံ၍ ဒေသအခြေအနေများ၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် “ပြည်သူအသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက်ကို လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း ပြည်သူ့အသံများကို အလေးထား၍ သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

#PAN