(ပြည်တွင်း) ဧပြီ ၂၉
နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်မှုအရ လက်နက်ကိုင်အဖွဲ့အစည်းများအတွင်းမှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ KIA အဖွဲ့နှင့် KPDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၄) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်ရှိ ရဲမာန်အောင်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကြိုဆိုလက်ခံကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲအပ်ပေးသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၎င်းတို့နှင့်အတူ ယူဆောင်လာသည့် Ko ပါရီသေနတ် (၁) လက်၊ K-25 ဗုံးပစ်လောင်ချာတွဲသေနတ် (၁) လက်၊ K-25 သေနတ် (၁) လက်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည် (၆၀၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၉) ခု၊ ကျည်ကာအင်္ကျီ (၁) ထည်နှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူများအား ဆုကြေးငွေများ ပေးအပ်ခဲ့ပြီး မောင်းပြန်ရိုင်ဖယ် (၂) လက်အတွက် ငွေကျပ် သိန်း (၁၀၀)၊ K-25 ဗုံးပစ်လောင်ချာတွဲသေနတ် (၁) လက်အတွက် ငွေကျပ် သိန်း (၇၅)၊ လက်ပစ်ဗုံး (၄) လုံးအတွက် ငွေကျပ် (၁၂) သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ် သိန်း (၂၀) စုစုပေါင်း ငွေကျပ် (၂၀၉) သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဝန်ခံကတိလက်မှတ်များ ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပြန်လည်ဝင်ရောက်လာသူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာသူများသည် အဖွဲ့အစည်းအတွင်း အခက်အခဲများ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုသည့် ဆန္ဒဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဆက်လက်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးအပ်လျက်ရှိပြီး ဆက်လက်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားကြောင်း သိရသည်။
#PAN