
(ပြည်တွင်း) ဧပြီ ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် ရရှိပြီး ဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ဝင်များ တွေ့ဆုံ၍ လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ဧပြီ၂၃ရက်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ M Gallery Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ၅ ဦး အပါအဝင် စုစုပေါင်း ၁၈ ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် ညှိနှိုင်းရေးကော်မတီကို ၂၀၂၁ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ Nationwide Ceasefire Agreement (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့ ၃ ဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို Union Peace Dialogue Joint Committee နှင့် Joint Monitoring Committee တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ToR နှင့် SOP များအတိုင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး JMC အောက်တွင် လူသားချင်းစာနာမှု အကူအညီများကို လိုအပ်သူများထံ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ရှိနေပြီဖြစ်သဖြင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကို ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ယနေ့အစည်းအဝေးသည် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့ဝင်များ၏ တွေ့ဆုံပွဲဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှုတည်ဆောက်ရေးအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ် လိုအပ်သည့် ပြည်သူများထံ JMC နှင့် ပူးပေါင်းကာ ဆက်လက်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှ သဘောတူညီထားသည့် အချက်အလက်များအပေါ် ဥပဒေနှင့် ကိုက်ညီမှုရှိမရှိ စိစစ်ကာ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် NSPNC အဖွဲ့ဝင်သစ်များကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် နည်းလမ်းများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။