ကမာရွတ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာဦးစီးအရာရှိများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှုများကို တစ်ဦးချင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်အလိုက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းတင်ပြချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (FPTP) ဦးအောင်ဝင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (FPTP) ဒေါ်သီသီမွန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (PR) ဦးကျော်လင်း၊ ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဗိုလ်စောနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးဝန်ထမ်းများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။