ကျေးလက်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အလေးထား ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်

(ပြည်တွင်း) ဧပြီ ၂၀


နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ထပ်ဆင့်ရှင်းလင်းပွဲတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါရှင်းလင်းပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား ဝန်ကြီးဌာနရှိ အဓိကမောင်းနှင်အားများဖြစ်ကြသော ဝန်ထမ်းများအားလုံး သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါကြောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန် လိုအပ်ပြီး ကျေးလက်နေပြည်သူများ အဓိက လုပ်ကိုင်နေကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ သမဝါယမစနစ် ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှပြောသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိရေးအတွက် အခြေခံပညာအလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံဘာသာရပ်များ သင်ကြားပေး လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေ မြှင့်တင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ ဆိုလာစနစ် လျှပ်စစ်ဓာတ်အား ရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ကြရေး၊ မွေးမြူရေးတွင်လည်း စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲ တို့ကို အခြေခံသည့် တိရစ္ဆာန်အစာများကို ထုတ်လုပ်၍ စနစ်တကျဆောင်ရွက်ပါက ဒေသတွင်းစားသုံးမှု ဖူလုံစေမည်ဖြစ် ကြောင်းလည်း ပြောဆိုခဲ့သည်။

ယင်းနောက် ဒီဂျစ်တယ်နည်းပညာခေတ်ဖြစ်၍ AI နည်းပညာအသုံးချနိုင်ရေး ဝန်ကြီးဌာများက လိုက်ပါ ဆောင်ရွက်ရန် လိုကြောင်း၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး သမ/ကျေးလက်ကဏ္ဍမှ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုတာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် သွင်းအားစုများကို တောင်သူလယ်ဝယ်အရောက် ဈေးနှုန်းသက်သာ စွာ၊ လုံလောက်စွာဖြင့် အချိန်မီရောက်ရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောသည်။

ထို့အပြင် တင်ဒါခေါ်ယူရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်နှင့် အချိန်ကြန့်ကြာမှု မရှိစေရန် လုပ်ငန်းများမှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက်အကျိုးရှိအောင် စနစ်တကျသုံးစွဲကြရန် မှာကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် စေတနာထားကာ တာဝန်သိသိ သစ္စာရှိရှိဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

#‌PAN