မြောင်းမြမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်း စတင်ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၀

အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ကျုံသွပ်ကျေးရွာအုပ်စု ချောင်းလေးကျေးရွာ၌ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်၊ ကျုံသွပ်ကျေးရွာအုပ်စု ချောင်းလေးကျေးရွာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္နာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအဖွဲ့ဝင်များရောက်ရှိကာ အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်မည့် အစီစဉ်နှင့် လုပ်ငန်းစဉ်များအား ဒေသခံပြည်သူများထံသို့ ရှင်းလင်းပြောကြားပြီး ယင်းအစီအစဉ်တွင်ပါဝင်သည့် နိုင်ငံသားကတ် (မှတ်ပုံတင်) နှင့် စမတ်ကဒ်ခေါ် UID ရိုက်ကူးပေးခြင်းများကို ပြုလုပ်ပေးခဲ့ပြီး ဒေသခံများထံ တိုက်ရိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အစိုးရ၏ ရက် ၁၀၀ အစီအစဉ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများဖြစ်သည့် အိမ်ထောင်စုဇယား ပုံစံ (၁၀) ထုတ်ပေးခြင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းများ လဲလှယ်ပေးခြင်း၊ အသက်အရွယ်အလိုက် မှတ်ပုံတင် ပြောင်းလဲပြုလုပ်ပေးခြင်းတို့ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် နည်းပညာပိုင်းဆိုင်ရာအနေဖြင့် UID ရိုက်ကူးပေးခြင်းနှင့် E-ID Server တွင်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း အချက်အလက်များကို စီစစ်ပြင်ဆင်ပေးခြင်းတို့ကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်သည်။