ပြည်သူ့လိုအပ်ချက် ၃ ချက်ကို ရက် ၁၀၀ အတွင်းဆောင်ရွက်မယ်လို့ ဧရာဝတီအစိုးရ ကြေညာ

(ပြည်တွင်း) ဧပြီ ၁၉

ပြည်သူလူထု လက်ငင်းအကျိုးခံစားရမယ့် လိုအပ်ချက် လုပ်ငန်း ၃ ခုကို ရက်တစ်ရာအတွင်းအကောင်အထည်ဖော်မယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သူ့ရဲ့ Facebook လူမှုကွန်ယက်ကနေ ထုတ်ပြန်ကြေညာပါတယ်။

အခုလို ဆောက်ရွက်တာဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေဖို့ ပြည်သူ့အစိုးရက ရက် ၁၀၀ စီမံချက်ကို ဆောင်ရွက်တာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ကဆောင်ရွက်မယ့် လုပ်ငန်းတွေထဲမှာတော့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း၊ အိမ်ထောင်စုဇယား ပုံစံ(၁၀)နဲ့ နိုင်ငံသားကဒ်မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်လိုက် သတ်မှတ်မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရိုက်ကူးပေးခြင်းနဲ့ E – ID Server ရှိအိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များစီစစ်ပေးခြင်းပြင်ဆင်ပေးခြင်းတို့ပါဝင်ပါတယ်။

ဒါ့အပြင် ရသင့်ရထိုက်တဲ့ မြေဌားဂရန်နဲ့ စက်မှုမြေဌားဂရန်များဆောင်ရွက်ခြင်းတွေလည်း ပါဝင်တာတွေ့ရပါတယ်။

အဲဒီလုပ်ငန်းတွေကို လာမယ့် ဧပြီ(၂၀) ရက်နေ့ကနေ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

#PAN