ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ပထမဆုံးနေ့တွင် အမေရိကန်၏ ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်သည့် သင်္ဘောတစ်စင်းမျှမရှိဟု ပင်တဂွန်ပြောကြား

(နိုင်ငံတကာ) ဧပြီ ၁၅

     ​အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို စတင်ပိတ်ဆို့ခဲ့သည့် ပထမဆုံး ၂၄ နာရီအတွင်း အီရန်ဆိပ်ကမ်းများသို့ ဦးတည်သည့် သင်္ဘောတစ်စင်းမျှ ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ခြင်း မရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန် ကြေညာလိုက်သည်။

​     အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ ကုန်သွယ်ရေးသင်္ဘော ၆ စင်းမှာ အမေရိကန်၏ လှည့်ပြန်ရန် အမိန့်ပေးမှုကို လိုက်နာခဲ့ကြကြောင်း သိရသည်။ ယခုစစ်ဆင်ရေးတွင် အမေရိကန်ရေတပ်၊ မရိန်းနှင့် လေတပ်အင်အား စုစုပေါင်း ၁၀,၀၀၀ ခန့်အပြင် စစ်သင်္ဘော ၁၂ စင်းနှင့် လေယာဉ် ဒါဇင်ပေါင်းများစွာ ပါဝင်နေသည်။

     CENTCOM က ယခုပိတ်ဆို့မှုသည် အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်ပြုလုပ်မည့် သင်္ဘောများကိုသာ သီးသန့်ပစ်မှတ်ထားခြင်းဖြစ်ပြီး အခြားနိုင်ငံပိုင် ဆိပ် ကမ်းများသို့ သွားလာနေသည့် သင်္ဘောများမှာမူ လွတ် လပ်စွာ ဖြတ်သန်းနိုင်ကြောင်း ရှင်းလင်းထားသည်။

​     ပင်တဂွန်က ထိရောက်စွာ ပိတ်ဆို့နိုင်သည်ဟု ဆိုသော်လည်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုခံထားရသော ရေနံ တင်သင်္ဘော ၂ စင်းအပါအဝင် သင်္ဘော ၃ စင်းမှာ ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် Kpler ၏ အချက်အလက်များအရလည်း အီရန်ဆိပ်ကမ်းများမှ ထွက်ခွာလာသော သင်္ဘော ၂ စင်း ရေလက်ကြားကို ဖြတ်သန်းသွားသည်ဟု AFP က ဖော်ပြထားသဖြင့် မြေပြင်အခြေအနေမှာ တင်းမာမှုများ ရှိနေသည်။

​     သမ္မတ ဒေါ်နယ်ထရန့်က ပိတ်ဆို့မှုကို ကျော်ဖြတ်ရန် ကြိုးပမ်းသည့် အီရန်သင်္ဘောမှန်သမျှကို “အပြတ် ရှင်းမည်” ဟု သတိပေးထားသော်လည်း တစ်ဖက်တွင်မူ ပါကစ္စတန် စစ်သေနာပတိ ဖီးလ်မာရှယ် အာဆင်မူနီယာ၏ ကြားဝင်စေ့စပ်မှုဖြင့် နောက်ထပ်ဆွေးနွေးပွဲများ ဖြစ်လာနိုင်ခြေရှိကြောင်း အရိပ်အယောင်ပြထားသည်။

     အီရန်ဘက်ကမူ အမေရိကန်၏ လုပ်ရပ်ကို “ပင်လယ်ဓားပြလုပ်ရပ်” ဟု ပြစ်တင်ရှုတ်ချထားပြီး၊ မိမိတို့၏ ဆိပ်ကမ်းများကို အသုံးပြုခွင့်မရပါက မည်သူမျှ အသုံးပြုခွင့်မရစေရဟု တုံ့ပြန်ထားသဖြင့် ဒေသတွင်း တည်ငြိမ်ရေးမှာ စိုးရိမ်ဖွယ်ရာ အခြေ အနေသို့ ရောက်ရှိနေပါသည်။

​#HormuzBlockade #USvsIran #StraitOfHormuz #DonaldTrump #GlobalOil #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN