(စီးပွားရေး) ဧပြီ ၃
နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်ရန်နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ဖြန့်ဖြူးရောင်းချသည့်စနစ်ကို ၁၂-၃-၂၀၂၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၇-၃-၂၀၂၆ ရက်နေ့တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏ သတ်မှတ်ရောင်းချသည့်စနစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

တည်ဆောက်ထားသည့်စနစ်အား လက်တွေ့အသုံးပြုရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန်နှင့် မသမာမှုများကို ဟန့်တားရန်အတွက် အွန်လိုင်းမှ စောင့်ကြည့်သတိပေးခြင်း၊ ထိန်းချုပ်ခြင်း၊ ပြည်သူများ၏ တုံ့ပြန်မှုများကို နားထောင်၍ နည်းပညာအား အဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံတစ်ဝန်းလုံး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်ပေါင်း ၂,၉၄၃ ဆိုင်အနက် ၈၇၉ ဆိုင်တွင် Bar Code/QR Code Scan ဖတ်၍ ရောင်းချသည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ယခုသီတင်းပတ်မှစ၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေးလမ်းမကြီး တစ်လျှောက်ရှိ မြို့များတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယာဉ်တစ်စီးချင်း၏ စက်စွမ်းအားအလိုက် ဆီပမာဏ သတ်မှတ်ရောင်းချရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ အဆင်ပြေချောမွေ့စေရန် Taxi ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် ကုန်တင်ယာဉ်များအတွက် ပမာဏ တိုးမြှင့်သတ်မှတ်ပေးထားပြီး တစ်ပတ်လျှင် ၃ ရက် ဆီဖြည့်တင်းနိုင်ရန် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပေါ် အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုများ ဖြစ်ပေါ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချသည့်စနစ်ကို ၃-၄-၂၀၂၆ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လူတစ်ဦးချင်း၏ အားနည်းချက်များနှင့် မသမာမှုများကို နည်းပညာဖြင့် ထိန်းကျောင်းဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် အကြံဉာဏ်များပေးခြင်း၊ သတင်းပေးတိုင်ကြားခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။