“QR Code စနစ်ဖြင့် ဆီရောင်းချမှု စတင်—စည်းကမ်းမလိုက်နာသည့် ဆိုင်များကို အရေးယူ”

(စီးပွားရေး) မတ် ၂၈

ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏ သတ်မှတ်ထားသည့် Bar Code/QR Code စနစ်ကို ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် စတင်အသုံးပြုရောင်းချနေကြောင်း သိရသည်။


အဆိုပါစနစ်ကို ကျန်မြို့များသို့လည်း ဆက်လက်တိုးချဲ့အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စက်သုံးဆီဝယ်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် Call Center ကို ဖွင့်လှစ်ထားကာ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။


ပြည်သူများအနေဖြင့် ဆီဝယ်ယူရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် သတင်းအချက်အလက်များကို စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၄၀၄၃၃၃၂၄ နှင့် ၀၉-၈၉၉၁၂၉၂၉၆ သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် စည်းကမ်းချိုးဖောက်မှုများ—သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ပမာဏမပြည့်မီရောင်းချခြင်း၊ ဆီရှိလျက် မရောင်းချခြင်း၊ QR/Bar Code မစကန်ဘဲ ရောင်းချခြင်းနှင့် တရားမဝင် ထုတ်ယူရောင်းချခြင်းများကိုလည်း တိုင်ကြားနိုင်ကြောင်း သိရသည်။


ထို့ပြင် တိုင်ကြားလိုသည့် အချက်အလက်များနှင့် အထောက်အထားများကို Viber ဖုန်းနံပါတ် ၀၉-၄၀၁၇၄၈၅၉၈ သို့ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။


အရေးယူဆောင်ရွက်မှုအဖြစ် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်ကို လိုင်စင်ယာယီပိတ်သိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် စောင့်ကြည့်စစ်ဆေးမှုများအရ QR/Bar Code မစကန်ဘဲ ရောင်းချနေသည့် အရောင်းဆိုင် (၃၀) ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားပြီး ထပ်မံချိုးဖောက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

#PAN