ပြည်သူ့လုံခြုံရေးစနစ် ရာနှုန်းပြည့်လွှမ်းခြုံ နိုင်ဖို့ဆိုရင် ပြည်သူတစ်ဦးချင်းစီတိုင်းမှာ လုံခြုံရေးအသိ၊ လုံခြုံရေး သတိတွေရှိနေဖို့ လိုအပ်တယ်လို့ တပ်ချုပ်ပြော

(ပြည်တွင်း) မတ် ၂၇

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို အသေးစိတ်လေ့လာ ကြည့်ရင် အခြေခံအကျဆုံး အချက်ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားဘဝနဲ့.. အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်ပြီး ပြည်သူ့လုံခြုံရေးစနစ် ရာနှုန်းပြည့်လွှမ်းခြုံ နိုင်ဖို့ဆိုရင် ပြည်သူတစ်ဦးချင်းစီတိုင်းမှာ လုံခြုံရေးအသိ၊ လုံခြုံရေး သတိတွေရှိနေဖို့လည်း လိုအပ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဒီနေ့ ညနေပိုင်းက နေပြည်တော်မှာရှိတဲ့ တပ်မတော်စစ်ရေးပြကွင်းကြီးမှာကျင်းပပြုလုပ်တဲ့ (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်းမှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ် များကို တားဆီးနှိမ်နင်းနိုင်ဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စနစ်တကျ လေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ သူကဆိုပါတယ်။

“ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ တိုင်းပြည်ကာကွယ်ရေး အတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေတဲ့ နိုင်ငံများရှိနေတာကိုလည်း တွေ့မြင်နိုင်တယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့မိန့်ခွန်းမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝရရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေး လုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားထားပါတယ်။

#PAN