
(စီးပွားရေး) မတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လက်ရှိနေအပူချိန်မြင့်မားလွန်ကဲနေချိန်တွင် ငါးမွေးမြူရေးကန်များ၌ ရေငွေ့ပျံမှုများပြားကာ ရေလျော့နည်းခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့် ငါးရောဂါကျရောက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် အောက်ပါအချက်များကို ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
မွေးမြူရေးကန်များတွင် ငါးစွန့်ပစ်အညစ်အကြေးနှင့် အစာကြွင်းကျန်များကြောင့် ရေထုညစ်ညမ်းမှုဖြစ်ပေါ်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် အစာအလွန်အကျွံကျွေးခြင်းကို လျှော့ချရန် လိုအပ်သည်ဟု အသိပေးနှိုးဆော်တွင်ဖော်ပြထားသည်။
နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများ ခေါင်းထောင်ကူးခတ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းရှိပါက အောက်ဆီဂျင်လျော့နည်းနေပြီဖြစ်၍ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်မောင်းပေးခြင်း၊ လှေလှော်ပေးခြင်းတို့ဖြင့် ရေတွင်းပျော်ဝင်အောက်ဆီဂျင် မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ပြောဆိုထားသည်။
အပူချိန်လွန်ကဲ၍ ရေခန်းခြောက်လာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းရမည်။ ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသောငါးအရေအတွက်ကို လျှော့ချရန်နှင့် နေ့လယ်ပိုင်း အပူချိန်ပြင်းထန်သည့်အချိန်တွင် ငါးများကို ကန်ပြောင်းရွှေ့ခြင်း မပြုရန်၊ ကန်ရေ၏ အရည်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာအတွင်း ရှိနေစေရန် ဂရုပြုရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ကန်ရေအပူချိန်မြင့်မားချိန်တွင် ရေထုညစ်ညမ်းစေသည့် ကဇော်ဖတ်၊ ဝါစေ့ဖတ်များ ကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးရန်၊ အစာကျွေးပြီးတိုင်း အစာကျန်ရှိမရှိ စစ်ဆေးရန်နှင့် မွေးမြူရေးကန်များအတွက် ရေသစ်လဲလှယ်နိုင်ရေး ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန်များ စီစဉ်ထားရှိပြီး ရေများရနိုင်သမျှ သိုလှောင်ထားဖို့ကိုလည်အသိပေးနှိုးဆော်ထားသည်။
ထို့အပြင် ကန်အခြေအနေနှင့် ရေအရည်အသွေး ပြောင်းလဲမှုများကို နေ့စဉ် နံနက် (၆) နာရီတွင် ပုံမှန်စစ်ဆေးရန်၊ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများတွေ့ရှိပါက အနီးဆုံးငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်းခံရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။