ရေးမြို့နယ်တွင် ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) မတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရကြောင်း သိရသည်။

မတ်လ ၂၁ရက်နေ့ မွန်းလွှဲ၃နာရီအချိန်က ဒေဝါစိုး(ခ)ကလိုင်း မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၇၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ဒေဝါစိုး(ခ)ကလိုင်း(၃၄)နှစ်အား ရေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင် သိရသည်။