မနက်ဖြန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရွေးချယ်မယ်

(ပြည်တွင်း) မတ် ၁၅

မနက်ဖြန် မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီမှာစတင်ကျင်းပမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေ ရွေးချယ်သွားမယ်လို့ လွှတ်တော်အစည်းအဝေး ပထမနေ့အစီအစဉ် (လျာထားချက်)တွေအရ သိရပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့မှာ သဘာပတိတင်မြှောက်ခြင်း၊ သဘာပတိနေရာယူခြင်း၊ သဘာပတိ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခြင်း၊ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနဲ့ စတင်ကျင်းပကြောင်းကြေညာခြင်း ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခွင့်ပန်ကြားခြင်းနဲ့ ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်း‌တွေလည်းပြုလုပ်ကြမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့ အစီအစဉ် ၁၀ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ . သဘာပတိရှေ့မှောက်မှာ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခြင်း၊ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်လွှဲအပ်ခြင်းတွေပြုလုပ်ကြမှာဖြစ်ပါတယ်။

အဲ့ဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားမှာဖြစ်တယ်လို့သိရပါတယ်။

#‌PAN