ရခိုင်စစ်မျက်နှာပြင်က အောင်ပွဲရစစ်သည်တွေ ရှေ့တန်းပြန်

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်ထဲက ရှေ့တန်းစစ်မျက်နှာပြင်တွေကနေ အောင်ပွဲတွေရရှိပြီး ပြန်လာကြ ရှေ့တန်းပြန်စစ်သည်တွေကို လှည်းကူးမြို့နယ်က ဒေသခံပြည်သူတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ကျောင်းသား/ကျောင်းသူတွေနဲ့ အနုပညာရှင်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ရှေ့တန်းပြန် တပ်မတော်သားတွေကို ဂုဏ်ပြုကြိုဆိုပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာမှာရှိတဲ့ နယ်မြေခံတပ်ရင်းမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ရှေ့တန်းကပြန်လာကြတဲ့ စစ်သည်တွေဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဒေသတစ်ဝိုက်မှာ ရခိုင်လက်နက်ကိုင် AA အကြမ်းဖက်အဖွဲ့တွေနဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ပြီး အောင်ပွဲတွေရယူနိုင်ခဲ့ပြီးတဲ့နောက် အခုလိုရှေ့တန်းကနေ ပြန်လည်ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။  

ဂုဏ်ပြုကြိုဆိုပွဲ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းကိုယ်တိုင် တက်ရောက် ဂုဏ်ပြုကြိုဆိုခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်သားတွေဟာ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားပြည်သူတွေ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှု ရှိစေဖို့နဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်း စစ်မျက်နှာတွေမှာ စစ်ဆင်ရေးတာဝန်တွေကို နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်း ဆောင်ခဲ့ကြသလို အောင်ပွဲပေါင်းများစွာလည်း ရှိနေကြတာဖြစ်ပါတယ်။

#PAN