


(မှုခင်း) ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီ ရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ သုံးဦးသည် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/ သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးဖြင့်ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည်ရောင်းချရန် သိုလှောင် ထားရှိခဲ့ကြောင်း၊ ထို့အတူ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းအား စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ သုံးဦးသည် ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေ ရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းများတွင် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့သုံးဦးအပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်ဟုသိရသည်။