(ပြည်တွင်း) ဖေဖော်ဝါရီ ၂
တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံတွေ ပေါ်ပေါက်လာပါက အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာပြီး တစ်ဦးချင်းဝင်ငွေတွေလည်း ပိုမိုတိုးတက်လာမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကပြောဆိုထားပြီး တိုင်းဒေသကြီးအတွင်းမှာ ရင်းနှီးမြှုပ်နှံများပြုလုပ်ဖို့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မြန်မာအရှေ့တိုင်းဘဏ်(MOB)နဲ့ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောဆိုလိုက်တာပါ။

“ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(ARCCI)ဟာ တိုင်းဒေသကြီးရဲ့ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဖို့ အင်တိုက်အားတိုက်နဲ့ အသင်းအဖွဲ့တွေစုစည်းကာ တက်ညီလက်ညီ ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI)အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာမှာ ဘဏ်တွေရဲ့ ပံ့ပိုးကူညီမှုဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရဲ့ ရေသယံဇာတ၊ မြေသယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်ပေါကြွယ်ဝမှုတွေကို အခြေခံကာ MSME လုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်တွေအတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီးပံ့ပိုးကူညီမှုတွေကို ဆောင်ရွက်ပေးမယ်ဆိုပါက ကုန်ကြမ်းတွေထုတ်လုပ်တဲ့အဆင့်ကနေ ကုန်ချောတွေထုတ်လုပ်လာနိုင်မှာဖြစ်တာကြောင့် ဧရာဝတီတိုင်းဒေသကြီးရဲ့ စုစုပေါင်းထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး (GDP) လည်း မြင့်တက်လာမှာဖြစ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
#PAN