(မှုခင်း) ဒီဇင်ဘာ ၁၅
မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၁ ဒသမ ၈ တန်ကျော်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီတွင် သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်၊ ကနောင် (၁)လမ်းတွင် ရွှေမောင်ဆန်း၊မင်းဇော်လှိုင် (ခ) မင်းဇော်၊ အောင်ကျော်မျိုး (ခ) ငပိန်၊ မောင်မောင်သန်း (ခ) ဝင်းသန်းတို့ ၄ ဦးကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် ၁ စီး၊ MARK-X မော်တော်ယာဉ် ၁ စီး၊ LIGHT TRUCK မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့ ဆက်လက်သယ်ဆောင်မည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်ရှိ ဂိုဒေါင်အားဆက်လက်ရှာဖွေရာဂိုဒေါင်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၆၀ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန် (၎င်းဒေသတန်ဖိုးငွေကျပ် ၃၉ ဒသမ ၅ ဘီလီယံ)နှင့် ကက်တမင်း ၁ ဒသမ ၈၈၅ တန် (၎င်းဒေသ တန်ဖိုးငွေကျပ် ၉၄ ဒသမ ၂၅ ဘီလီယံ) စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၇၅ဘီလီယံ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ HINO Box ယာဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်သို့ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခဲ့ပြီး တစ်ဆင့်လွှဲပြောင်းပေးခဲ့သည့် မြတ်မင်းကိုနှင့် ပြည့်စုံအောင်တို့ကို နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ တည်းခိုခန်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ-၂-မြို့သစ်ရှိ ဂိုဒေါင်အတွင်းသို့ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခဲ့သည့် ဇော်နိုင်ဦးနှင့်နေမင်းကျော်ထွေးတို့ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီတွင် ၎င်းတို့ စိတ်ပြောင်းဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် MITSUBISHI FUSO ဆီဘောက်ဆာယာဉ် ၁ စီးနှင့်အတူကျောက်ဆည်မြို့နယ်၊ သံရွာအနီးတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်မြို့သို့ စိတ်ပြောင်းဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ကိုကိုကျော်ရဲနောင်ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ၎င်း၏နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် TOYOTA LAND CRUISER ယာဉ် ၁ စီးနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် နိုင်ဝင်းထွေး (ခ) အငယ်လေး၊ မျိုးဝင်း (ခ) မျိုးကြီးနှင့်တင်ကိုကိုလင်းတို့ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက်(၁)၌ ဆက်လက်ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ် စစ်ဆေးချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နေ အားချန်(ဖမ်းဆီးရန်ကျန်)၊ ကိုစိုင်း (ခ) စိုင်းလေး(ဖမ်းဆီးရန်ကျန်)နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်းချောင်းကျေးရွာနေ ရဲစိုးဦး(ဖမ်းဆီးရန်ကျန်)တို့၏ အစီအမံဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စိတ်ပြောင်းဆေးဝါးများအား ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။