(နိုင်ငံတကာ) အောက်တိုဘာ ၂၆
ထိုင်းအစိုးရက မိဖုရားကြီး သီရိခေတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြေကွဲဖွယ်ကာလတွေကို ကြေညာခဲ့ပြီး တနင်္ဂနွေနေ့မှာ တော်ဝင်ဈာပနအခမ်းအနားနဲ့ အများပြည်သူ ဂါရဝပြုခြင်းအခမ်းအနားတွေကိုပါ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ဟာ သောကြာနေ့ညက ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့တဲ့ မိဖုရားကြီးအတွက် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။
အစိုးရအဖွဲ့ရဲ့ကြေညာချက်ထဲမှာတော့ အစိုးရရုံးတွေ နိုင်ငံပိုင်လုပ်ငန်းတွေ အစိုးရအေဂျင်စီတွေနဲ့ ပညာရေးအဖွဲ့အစည်းအားလုံးကို ရက်ပေါင်း ၃၀ ကြာ နိုင်ငံတော်အလံကို တစ်ဝက်တိုင်လျှော့ချဖို့ ပါရှိပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေ နိုင်ငံဝန်ထမ်းတွေနဲ့ အစိုးရအရာရှိတွေဟာ တစ်နှစ်တာကာလအတွင်း ဝမ်းနည်းခြင်းဝတ်စုံကို ဝတ်ဆင်ရမယ်လို့လည်း ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ကတော့ သင့်လျော်တဲ့အရာတွေနဲ့အညီ လုပ်ဆောင်ဖို့ တိုက်တွန်းထားတယ်လို့ မစ္စတာ အနုတင်က ပြောပါတယ်။
ဖျော်ဖြေရေးနေရာတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အနေနဲ့ ဖျော်ဖြေရေးလှုပ်ရှားမှုတွေကို ရက် ၃၀ ရပ်ဆိုင်းဖို့ ဒါမဟုတ် လျှော့ချဖို့ တောင်းဆိုထားပါတယ်။
ကြိုတင်စီစဉ်ထားတဲ့ လှုပ်ရှားမှုတွေအတွက်၊ လူထုရဲ့ ခံစားချက်နဲ့အညီ သင့်လျော်မှုရှိစေဖို့ စီစဉ်သူတွေဟာ ပုံစံတွေကို ချိန်ညှိသင့်တယ်လို့ အစိုးရက ပြောပါတယ်။
ရာဇာမန်ဂလာ အမျိုးသားအားကစားကွင်းမှာပြုလုပ်မယ့်
K-pop အဖွဲ့နဲ့ Blackpink ရဲ့ စနေနေ့ တနင်္ဂနွေနေ့ ညနေပိုင်း ဖျော်ဖြေပွဲနှစ်ခုကိုလာရောက်သူတွေဟာ အနက်ရောင်ဝတ်ဆင်ဖို့ ပွဲစီစဥ်သူတွေ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဖြစ်နိုင်ရင် ရက်ပေါင်း ၉၀ အတွင်း အနက်ရောင် ဒါမှမဟုတ် တက်ကြွမှုမရှိတဲ့ အရောင်တွေဝတ်ဆင်ကြဖို့ ဝန်ကြီးချုပ်က ပြည်သူတွေကို တောင်းဆိုတယ်လို့လည်း သိရပါတယ်။
အခုတောင်းဆိုချက်ဟာ နှစ်ပေါင်း ၇၀ ကျော် ထိုင်းနိုင်ငံအပေါ် မိဖုရားကြီး Sirikit ရဲ့ ကျေးဇူးတရားအပေါ် နက်ရှိုင်းတဲ့ ကျေးဇူးတင်မှုကို ထင်ဟပ်စေတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
#PAN