တရားမဝင် ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ် နှင်ထုတ်တယ်လို့ ထုတ်ပြန်

(​နိုင်ငံတကာ) အောက်တိုဘာ ၁၃

အငြင်းပွားနေတဲ့ရေပိုင်နက်အနီးမှာ တရုတ်နဲ့ဖိလစ်ပိုင်ရေတပ်တွေ အချင်းများရာကနေ သင်္ဘောချင်းတိုက်မိတဲ့အထိ ဖြစ်ပွားခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းတစ်ရပ်ဖြစ်တဲ့ ဆင်ဟွာကတော့ တရုတ်ကမ်းခြေစောင့်တပ် (CCG) ဟာ တောင်တရုတ်ပင်လယ်က ထျယ်ရှန့်ကျောင်းသောင်အနီး ရေပြင်အတွင်းကို တရားမဝင် ကျူးကျော်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်တရားဝင်သင်္ဘောတွေကို အောက်တိုဘာ ၁၂ ရက်က တရားဥပဒေနဲ့လျော်ညီစွာ နှင်ထုတ်ခဲ့တယ်လို့ CCG ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကိုကိုးကားပြီး ဖော်ပြပါတယ်။

သင်္ဘောကိုယ်ထည်နံပါတ် ၃၀၀၂ နဲ့ ၃၀၀၃ ပါ ဖိလစ်ပိုင်တရားဝင်ရေယာဉ်တွေဟာ တရုတ်အစိုးရရဲ့ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံ နန်ရှားချွင်သောင်ကျွန်းစုရဲ့ ထျယ်ရှန့်ကျောင်းသောင်အနီး ရေပြင်အတွင်းကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၁၉ မိနစ်ခန့်မှာ ဖိလစ်ပိုင်အများပိုင်ရေယာဉ် ၃၀၀၃ နဲ့ CCG ရေယာဉ် ၂၁၅၅၉တို့ ရေယာဥ်ချင်းတိုက်မိသွားခဲ့တာဖြစ့တယ်လို့ သိရပါတယ်။

တရုတ်ဘက်ကတော့ “ဖိလစ်ပိုင်ဘက်က တာဝန်အပြည့်ရှိပါတယ်” ရေယာဥ်ချင်းတိုက်မိမှုနဲ့ပတ်သက်ကာ ပြောကြားခဲ့ပြီး ဖိလစ်ပိုင်ရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်နက်အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်သလို တောင်တရုတ်ပင်လယ်နိုင်ငံတွေ အပြုအမူဆိုင်ရာ ကြေညာစာတမ်းကို ချိုးဖောက်ကာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ထျယ်ရှ့န်ကျောင်းသောင် နဲ့ ကပ်လျက်ရေပိုင်နက်အပါအဝင် နန်ရှားချွင်သောင်ကျွန်းစုနဲ့ပတ်သက်ပြီး ငြင်းပယ်မရနိုင်သော အချုပ်အခြာအာဏာရှိတယ်လို့လည်း တရုတ်ကပြောပါတယ်။

“ဖိလစ်ပိုင်အနေနဲ့ သူ့ရဲ့ချိုးဖောက်မှုတွေနဲ့ ရန်စတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ တရုတ်က ပြင်းပြင်းထန်ထန်သတိပေးထားပြီး တရုတ်ကမ်းခြေစောင့်တပ်အနေနဲ့တရုတ်နိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်ရေပိုင်နက်အတွင်းအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမယ်လို့ ပြောဆိုထတယ်လို့လည်း သိရပါတယ်။