လာမည့်ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် ကောင်းမွန်သောနိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာလိမ့်မည်ဟု IBEC ဆရာတော်မိန့်ကြား

(ပြည်တွင်း) အောက်တိုဘာ ၁၃

မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် ကောင်းမွန်သောနိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ် လာလိမ့်မည်ကို မျှော်လင့်ကြောင်း IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ ကာနာဂါဝါစီရင်စု၊ ကာဝါဆာကီမြို့၌ အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက် ရှိသော တတိယအကြိမ်မြောက် UNWPA နိုင်ငံတကာညီလာခံမှာ “ကျွန်ုပ်တို့ရင်ဆိုင်နေရသော လက်ရှိ စိန်ခေါ်မှုများ” ခေါင်းစဥ်ဖြင့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းမိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

မကြာခင်ကာလတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းလပမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက်ကောင်းမွန်သော နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာလိမ့်မည်ကို မျှော်လင့်ကာ အရပ်သားအစိုးရတစ်ရပ်သည် နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သောနိုင်ငံတစ်နိုင်ငံကို ဖန်တီးပေးနိုင်တာကို ယုံကြည်ကြောင်း မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကို စေ့စပ်ညှိနှိုင်းဆွေးနွေးရေးစကားဝိုင်း၊ အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှု၊ ထိရောက်သော ပူးပေါင်းပါဝင်မှုတို့ဖြင့်သာဖြေရှင်းနိုင်မည်ဟု မိန့်ကြားတော်မူခဲ့ပါတယ်။

ထို့အတူ အရေးအကြီးဆုံးမှာ လက်နက်ကိုင်အဖွဲ့အသီးသီးမှ ဦးဆောင်ကာ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးအတွက် စကားဝိုင်းဆွေးနွေးမှုမှတစ်ဆင့်သာ ဖြေရှင်းနိုင်သည်ကိုယုံကြည်ကြောင်း IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့ပါတယ်။