နော်ဝေနိုဗယ်ဆုကော်မတီကို ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို ဦးစားပေးနေကြောင်း အိမ်ဖြူတော်ဝေဖန်

(နိုင်ငံတကာ) အောက်တိုဘာ ၁၂

နော်ဝေနိုဗယ်ဆုရွေးချယ်ရေး ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို ဦးစားပေးနေကြောင်း အမေရိကန်အိမ်ဖြူတော် တာဝန်ရှိသူများက အောက်တိုဘာလ ၁၀ ရက်တွင် ဝေဖန်ခဲ့သည်။

၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကို ရွေးချယ်ရာတွင် နော်ဝေနိုဗယ်ဆုကော်မတီက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုကျော်၍ ဗင်နီဇွဲလားအမျိုးသမီး အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို အား ရွေးချယ်ခဲ့ပြီးနောက် အိမ်ဖြူတော်တာဝန်ရှိသူများ၏ ဝေဖန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ယခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ရွေးချယ်ပုံသည် နော်ဝေနိုဗယ်ဆုရွေးချယ်ရေး ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးထက် နိုင်ငံရေးအား ပိုမိုအလေးပေးနေမှုကို သက်သေပြနေကြောင်း အိမ်ဖြူတော် ပြင်ပဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူး စတီဗင်ချောင်း က ၎င်း၏လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားထားသည်။

ယခုနှစ်အတွင်း စစ်ရေးပဋိပက္ခအချို့ကို အဆုံးသတ်ပေးနိုင်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှာ ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိနိုင်သူအဖြစ် ထင်ကြေးပေးခံရသူဖြစ်သည်။

သို့ရာတွင် အမေရိကန်၏ အဓိက လမ်းစဉ်သည် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ဆန့်ကျင်နေမှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ငြိမ်းချမ်းရေးနိုဗယ်ဆုကို မရနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားပြီး ဖြစ်ကြောင်း သိရသည်။

#PAN