(ပြည်တွင်း) အောက်တိုဘာ ၁၀
ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိပေမယ့် နိုင်ငံရေးရည်မှန်းချက်တူတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွကိယးး်မယ်လို့ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA PC) ကပြောပါတယ်။

“ငါတို့သည် ဘက်တံဆိပ်အသီးသီးနဲ့ ဆိုပေမယ့် ကရင်အမျိုးသားကို ဖိနှိပ်အုပ်ချုပ်တဲ့ ဒဏ်ကနေလွတ်မြောက်ဖို့ ကြိုးပမ်းနေကြတယ်ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်ကတော့ တစ်ခုတည်းပါ” လို့ KNU/KNLA PC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ရွှေကုက္ကိုလ်မှာပြုလုပ်တဲ့ အစည်းအဝေးတစ်ခါမှာပြောခဲ့တာလို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်မှာပြုလုပ်တဲ့ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားဖြစ်မြောက်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရွှေကုက္ကိုလ်က ဘိုးဘွားရိပ်သာခန်းမမှာပြုလုပ်တဲ့ အဲ့ဒီအစည်းအဝေးကို ကရင်ရဟန်းတော်များအသင်း၊ နယ်ခြားစောင့်တပ်များ (ကရင်ပြည်နယ်)၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ၊ ပြည်နယ်စာပေနဲ့ယဉ်ကျေးမှုကော်မတီ၊ ကရင်ပါတီ၊ KCO-ကရင်အနုပညာရှင်များအစည်းအရုံး စတဲ့ အဖွဲ့အစည်းတာဝန်ရှိသူတွေ၊ ကရင်နဲ့ပအိုဝ်းတိုင်းရင်းသားတွေ စုစုပေါင်းဦးရေ ၂၀၀ ကျော် တက်ရောက်လာတာ တွေ့ရတယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးရဲ့ပြောဆိုချက်အရ သိရပါတယ်။

ကရင်အမျိုးသားတွေ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးစတဲ့ နိုင်ငံရေးရည်မှန်းချက်ချင်း တူပေမယ့် သာမန်မဟုတ်တဲ့ နိုင်ငံရေးအခြေအနေ တစ်ခုအောက်မှာ သွားနည်း၊ လုပ်နည်းကိုင်နည်းတွေကတော့ ကွဲပြားခြားနားမှု ရှိကောင်းရှိနိုင်ပါတယ်လို့လည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က အဲဒီအစည်းအဝေးမှာပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် အခုပြုလုပ်မယ့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားဟာ ကရင်လူမျိူးအတွက် အနှစ်သာရရှိရှိ ရည်ရွယ်ပြုလုပ်တာ ဖြစ်တဲ့အတွက် ဝေဖန်မှုခံရှိနေသော်လည်း လိပ်ပြာသန့်သန့်နဲ့ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ လည်း အားပေးစကားဆိုခဲ့တယ်လို့လည်း သိရပါတယ်။
KNU/KNLA PC ဟာ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သလို ၂၀၁၅ ခုနှစ်မှာပြုလုပ်တဲ့ NCA မှာလည်းလက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
သူ့ရဲ့ရည်မှန်းချက် ရည်ရွယ်ချက်တွေထဲမှာတော့ အမျိုးသားအကျိုးစီးပွားနဲ့ ပြည်သူလုထုအတွက် ရှေးရှု့ဆောင်ရွက်မယ့် ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ခြင်းတူတဲ့ မည်သည့်အဖွဲ့အစည်း၊လူ ပုဂ္ဂိုလ်နဲ့မဆို စိတ်ရင်းစေတနာ အမှန်နဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ ပါရှိတယ်လို့လည်း သိရပါတယ်။
ယခုနှစ်ပြုလုပ်မယ့် နှစ်သစ်ကူးနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီကို နယ်ခြားစောင့်တပ်များ (ကရင်ပြည်နယ်)၊ (၉၉၉) ဗျူဟာရဲ့ ဒု-ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောချစ်ချစ်က ဦးဆောင်ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။