တောင်ကျရေကြီးမှုကြောင့် ပင်းတယ – ရွာငံ လမ်းပိုင်းအချို့ပျက်စီး

(ပြည်တွင်း)  ဇူလိုင် ၃၁

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ တောင်ကျရေကြောင့် ပင်းတယ-ရွာငံ လမ်းပိုင်းအချို့ပျက်စီးနေကြောင်း သိရပါတယ်။

ရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဇူလိုင်လ ၂၈ ရက်က စတင်ပြီး တောင်ကျချောင်းရေများ စီးဆင်းကာ လမ်းများ၊ ကျေးရွာများနှင့် စိုက်ခင်းများသို့ ရေနှင့် ကျောက်တုံးကျောက်ခဲများ ဝင်ရောက်လာပြီး ပျက်စီးမှုများလည်း ရှိနေပါတယ်။

ရွာငံ-ပင်းတယ ဖြတ်လမ်းဖြစ်တဲ့ တောင်ပေါ်ကြီးလမ်းမှာလည်း ရေတိုက်စားမှုကြောင့် လမ်းများပျက်စီး သွားပြီး သွားလာ၍မရတော့သည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဇူလိုင်လ ၂၈ ရက်က သိမ်းကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာ၌ တောင်ကျရေမှတစ်ဆင့် ရုတ်တရက် ရေကြီးသောကြောင့် လူ ၆ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖော်ပြထားပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အတွင်းရှိညောင်ရွှေ၊ ကလော၊ အင်းလေး၊ တာချီလိတ်၊ ပင်လောင်း မြို့တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။