တိုက်ပွဲတွေရှိနေတဲ့ ချင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်

(ပြည်တွင်း) ဇူလိုင် ၂၇

ငလျင်ကြောင့် အဖြေလွှာတွေလောင်ပျက်စီးသွားလို့ တကြော့ပြန်လည်ဖြေရတဲ့ မန္တလေးတိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ထုတ်ပြန်ပါတယ်။

ချင်းကောင်စီဆိုတဲ့ အဖွဲ့တွေနဲ့ ချင်းလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေ ပစ်ခတ်တိုက်ခိုက်မှုတွေအများအပြားရှိနေတဲ့ ချင်းပြည်နယ်ဟာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အောင်ချက်အနည်းဆုံးဖြစ်ပြီး ၂၆ ဒသမ ၉၆ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုသူ ၄၀၈ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၁၀ ဦးသာရှိခဲ့သာဖြစ်ပါတယ်။

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ချင်းပြည်နယ်မှာ ဖြေဆိုသူ ၄၀၁ ဦးရှိပြီး အထူးအစီအစဉ်နဲ့ ဧပြီလမှာ ပြန်လည်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၄ ဦး နဲ့ စုစုပေါင်း ၄၃၅ ဦး ရှိခဲ့ကာ ၃၃၈ ဦး အောင်မြင်ခဲ့ပါတယ်။

၂၀၁၄-၁၅ ပညာသင်နှစ်က ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၉၆၃၉ ဦးရှိခဲ့ပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၁၇၂၀ ဦးအောင်မြင်ခဲ့ကြသလို ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်(၁)၊ ၄ ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၃)ဦးနဲ့ ၁ ဘာသာဂုဏ်ထူးရှင် (၂၃၃) ဦးရှိခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေဆိုသူဦးရေ ၂၀၇၈၉၈ ဦးခဲ့ပြီး အောင်မြင်သူ ၉၉၉၂၄ ရာခိုင်နှုန်းအောင်မြင်တာကြောင့် ၄၈.၀၆ ရာခိုင်နှုန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

မွန်ပြည်နယ်က ၅၇ ဒသမ ၁၆ ရာခိုင်နှုန်း အောင်ချက်အကောင်းဆုံးပြည်နယ်ဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ခဲ့သလို ကယားပြည်နယ်က ၅၁ ဒသမ ၅၂ ရာခိုင်နှုန်းနဲ့ တတိယအများဆုံးဖြစ်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။