ပင်လိန်ကျေးရွာအုပ်စု လယ်ယာမြေတွေကို အကွက်ရိုက်ထားမှုကိုရှင်းလင်း လယ်ယာမြေဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေဟုဆို

(မှုခင်း) ဇူလိုင် ၁၀

ပြင်ဦးလွင်မြို့နယ် ပင်လိန်ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေတွေကို အကွက်ရိုက်ထားမှုတွေကို ရှင်းလင်းဆောင်ရွက်မှုအနေနဲ့ တင်ပြစာပါမြေနေရာအတွင်းက စုစုပေါင်းအကွက်(၁၄၀)ခန့်ကို ဖယ်ရှား ရှင်းလင်းပြီး အဆောက်အဦတွေကို စာရင်းကောက်ယူကာ လယ်ယာမြေဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနထံက သိရပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး ရဲ့ ပြင်ဦးလွင် ခရီးစဉ်တိုင်းမှာ စိုက်ပျိုးမြေတွေကို ခွင့်ပြုချက် မရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ ယခု ဒေသခံတွေ ပေးပို့လာတာကတော့ ပြင်ဦးလွင်မြို့နယ်၊ ပင်လိမ်ရွာမှာ စိုက်ပျိုးမြေတွေကို ကွက်စိတ်ရိုက်ရောင်းနေတယ်လို့ ဆိုပါတယ်။ ပူးတွဲဖော်ပြပါ နေရာဟာ ယခင်က စိုက်ပျိုးရေးလုပ်ကိုင်တဲ့ နေရာပါ။ မြို့ပေါ်က လာရောက်ဝယ်ယူသွားပြီးနောက်မှာ စိုက်ပျိုးမြေပေါ် အကွက်တွေ ဖော်ရောင်းနေတဲ့ သက်သေများ ဖြစ်ပါတယ်။ပြင်ဦးလွင်ခရိုင်၊ မြို့နယ် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို အလေးထားပြီး လုပ်ဆောင်နေပါသလား၊ ဒါမှမဟုတ် ဥပဒေမဲ့ လုပ်ရပ်တွေကို ဘယ်လိုကြောင့် တားမြစ်ခြင်း မရှိသလဲ” ဖြေကြားပေးဖို့ မီဒီယာတစ်ခုရဲ့မေးမြန်းမှုအပေါ် အခုလိုပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

ပင်လိန်ကျေးရွာအုပ်စုမှာရှိတဲ့ လယ်ယာမြေတွေကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန် ကြီးကြပ်မှတွေနဲ့ မြို့နယ်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေက မြေပြင် ကွင်းဆင်းစစ်ဆေး တားမြစ်ဆောင်ရွက်ခဲ့ပြီး၊ အကွက်ရိုက်ထားမှုတွေကို ဖယ်ရှားရှင်းလင်းဆောင် ရွက်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက်ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းတွေအတွက် သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တွေရဲ့ ကွင်းဆင်းစစ်ဆေးတင်ပြခြင်းအပေါ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုနဲ့ (၄-၇-၂၀၂၅)နေ့အထိ ခြံစည်းရိုးအုတ်တံတိုင်းခတ်ကာရံခြင်း၊ ကျောက်တိုင်စိုက်ထား ခြင်းတွေအတွက် ကျူးကျော်အသုံးပြုသူ စုစုပေါင်း(၄၆၅)ဦး၊ အဆောက်အဦး(၂၀)လုံး၊ အကွက်ပေါင်း (၁၀၆၉)ကွက်ကို ဖယ်ရှားရှင်းလင်းပြီး နေအိမ်ဆောက်လုပ်အသုံးပြုထားတဲ့ ကျူးလွန်သူ လူပုဂ္ဂိုလ် (၅၉၀)ဦးကို တားမြစ်စာတွေထုတ်ပြန်ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါကျူးလွန်သူ (၅၉၀)ဦးအနက် လူ ပုဂ္ဂိုလ်(၂၁၈)ဦးကို ရုံးအမိန့်တွေထုတ်ပြန်ပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်လျက်ရှိရာ ပုံစံ(၇)ရရှိပြီး ကျူးလွန်သူတွေကို တရားရုံးကို ဦးတိုက် တရားစွဲဆိုဆောင်ရွက်ခြင်း ၊ ပုံစံ(၇)မရှိဘဲ ကျူးလွန်သူတွေကို ရဲစခန်းကတစ်ဆင့် အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း ဆောင်ရွက်လျက်ရှိရာ အမှုပေါင်း(၈၀)ဦးအား တရားစွဲဆိုခဲ့ပြီး (၇၃)ဦးမှာ အမိန့်ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ထပ်မံပြီး မြို့နယ်ရဲစခန်းမှည တရားစွဲဆိုဖို့ ပေးပို့ထားတဲ့ လူပုဂ္ဂိုလ်(၁၃၈)ဦးကို အသီးသီးတရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ခွင့်ပြုချက်မရရှိမှီ ကျူးလွန် အသုံးပြုမှုတွေကို တွေ့ရှိပါက အချိန်နဲ့တပြေးညီ အရေးယူဆောင်ရွက်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

#PAN