
(ဆောင်းပါးကဏ္ဍ) ဇွန် ၆
ချစ်နိုင်စစ်ပညာ
“အတ္တာနံ ဘိက္ခဝေ ရက္ခန္တော
ပရံရက္ခတိ။
ပရံ ရက္ခန္တော အတ္တနံ ရက္ခတိ”
ဂေါတမဗုဒ္ဓ
“မိမိကိုယ်ကိုစောင့်ရှောက်ခြင်းသည်
သူတစ်ပါးကိုပါ စောင့်ရှောက်၏။
သူတစ်ပါးကိုစောင့်ရှောက်ခြင်းသည်လည်း
မိမိကို စောင့်ရှောက်ရာရောက်၏။
ဗုဒ္ဓမြတ်စွာဘုရား(ဘီစီ-၅၆၃-၄၈၃)
ကံကောင်းနည်းဆိုတာရှိလားဗျ။
ရှိတာပေါ့။ ကံကောင်းချင်ရင် ကံကောင်းနည်းတိုင်းလိုက်နာကျင့်သုံးရုံပဲ။
အဲဒီကံကောင်းနည်းကိုသိလား။
သိတာပေါ့။
သိရင် ကျွန်တော် ကျွန်မတို့ကိုပေးပါလား။ ရပါတယ်။ သို့သော်-
ကံကောင်းနည်းဆိုတာက မြတ်စွာဘုရားဟော ကြားခဲ့တာခင်ဗျ။ ဗေဒင်ဆရာအချို့၊ လက္ခဏာဆရာအချို့ အကြံပေးတဲ့ယတြာချေနည်းမျိုးမဟုတ်ပါဘူး။ ပေးသူကပေး၊ ပြသူကပြပေမယ့်လည်း တကယ်ရရှိနိုင်တာကတော့ အမှန်တကယ်လိုက်နာဆောင်ရွက်သူအတွက်သာ ကံကကောင်းလာနိုင်တာပါ။
ပြောသာပြောပါ။ လက်တွေ့လိုက်နာပါမယ်လို့ အာမခံသူတွေလည်း တွေ့ဖူးပါတယ်။ လက်ဆောင်အနေနဲ့ ပေးလိုက်ပါတယ်။ နည်းရလို့ကံကောင်းပြီလို့ ပြန်ပြောလာတဲ့သူတော့ မတွေ့ရဖူးသေးပါ ။ ကျေးဇူးစကားပြောရမှာ မေ့နေလို့ဖြစ်ကောင်း ဖြစ်မယ်။ တကယ်မပြုလုပ်တော့ ဘာမှ မထူးခြားဘဲ ယခင်အတိုင်းကံဆိုးမြဲဆိုးနေရှာလို့ ဖြစ်ချင်ဖြစ်မယ်။ တကယ်တော့ ကံကောင်းနည်းကို သိရုံမျှနဲ့ ကံမကောင်းလာနိုင်ပါ။ကံကောင်းစေတဲ့ ဖော်ပြပါခုနစ်နည်းကိုသာ ယုံယုံကြည်ကြည်နဲ့ လေးလေးနက်နက်ခံယူမှတ်သားပြီး တိတိကျကျ လိုက်နာကျင့်ကြံသူအတွက်ကတော့ ကံ-ကံရဲ့အကျိုး၊ ကမ္မနိယာမရှိလေတော့ သူပြုတဲ့အတိုင်းအတာအရ ပြောင်းလဲမှာသေချာပါတယ်။
ဒီနည်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် စာရေးသူဆီ အသိပေးမျှဝေတဲ့ နေပြည်တော်စည်ပင်က ဌာနတစ်ခုရဲ့ တာဝန်ခံအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာကိုလည်း ကျေးဇူးအထူးတင်ကြောင်း ဒီနေရာက အမှတ် တရ ဖော်ပြပါရစေ။ သူကစာလည်းရေးတဲ့ စာရေး ဆရာတစ်ဦးပီပီ သူတစ်ပါးကို ကူညီချင်တဲ့စိတ် ကောင်း၊ စေတနာပြည့်ဝသူဆရာဝန်ကြီးဖြစ်ပါတယ်။
သူတစ်ပါးကို ကြီးပွားစေချင်တာ၊ ကောင်းစားစေချင်တယ်၊ စိတ်ချမ်းသာစေချင်၊ ပျော်ရွှင်ကြည်သာစေချင်တာ၊ ဘေးကင်းလုံခြုံစေချင်တာ အားလုံးရဲ့ အရင်းခံကတော့ မေတ္တာတရားပေါ့။
သူတစ်ဖက်သားကို ပျက်စီးစေချင်တာ၊ အခက်အခဲတွေ့၊ ဒုက္ခရောက်စေ၊ စိတ်ညစ်စေချင်တာ၊ နှောင့်ယှက်ပိတ်ပင်တာ၊ ဆင်းရဲစေချင်တာ၊ နာကျင်စေချင်၊ ရောဂါရစေချင်၊ သေစေချင်တာတွေရဲ့ အရင်းခံကတော့ ဒေါသပါပဲ။ ဒေါသစေတသိက်၊ ဒေါသဟိတ်ဟာ ကြီးမားပြင်းထန်တဲ့ အပြစ်သဘောပါပဲ။ သူများကိုပူအောင်ကပ်ဖို့၊ မီးကျီးခဲကို မိမိလက်နဲ့ ကိုင်မိသူလို ကိုင်တိုင်ကိုယ့် လက်မှာ စတင်ပူလောင်တော့တာပဲ။ ဒေါသကပူလောင်စေသလောက် မေတ္တာကတော့ ပို့သူကော၊ ရသူအပြင် ဘေးက မုဒိတာပွားကာသာဓုခေါ်သူများပါ အားလုံးကုသိုလ်တရားကောင်းကျိုးတွေ မျှဝေရရှိသွားစေပါတယ်။ကောင်းမှုပြုက ကောင်း ကျိုးရတာကတော့ ဘဝအတွေ့အကြုံအရ သိလာကြရမှာပါ။
ကြားဖူးမှတ်ဖူးတဲ့ ဇာတ်ဝတ္ထုအကျဉ်းချုပ်ကို တင် ပြရလျှင် မြတ်စွာဘုရားထံသို့ အခါတစ်ပါးဝယ်ဆင်းရဲသားတစ်ယောက်က လာရောက်လျှောက်ထားပါသတဲ့။
သူဟာ လူမှုရေး၊ စီးပွားရေး၊ မိသားစုအရေးတို့မှာ ဘာပဲလုပ်လုပ် အဆင်မပြေ၊ ကံမကောင်း၊ ကံနိမ့်နေပါတယ်။ ကံကောင်းချင်ပါတယ်။ကံကောင်းအောင်၊ ကံမြင့်အောင်ဘယ်လိုလုပ်ရင် ကောင်းမလဲမေးခြင်းပါ။
မြတ်စွာဘုရားက သင်ဟာ ယခင်က မပေးမလှူခဲ့လို့ အခုလို ဘာလုပ်လုပ် အဆင်မပြေဖြစ်နေရခြင်းပဲ။ ဒီလိုမိန့်တဲ့အခါ တပည့်တော်ကသူဆင်းရဲတစ်ဦးသာမို့ လှူဖို့ရာ ခက်ခဲပါတယ်ဘုရားလို့ ဆင်ခြေပေးသတဲ့။
သူဆင်းရဲတွေလည်း လှူနိုင်တဲ့ အလှူမျိုးလည်းရှိပါတယ်။ ချမ်းသာသူများမှ ပေးလှူနိုင်တာမဟုတ်ပါလို့ ဘုရားရှင်က ပြောတဲ့အခါ ဟော ကြားတော်မူပါဘုရားလို့လျှောက်ထားသတဲ့။
မြတ်စွာဘုရားဟာ သူဆင်းရဲများပါ လှူတန်းနိုင်တဲ့ အလှူ ခုနစ်မျိုးကို ဟောကြားတော်မူပါတယ်။
၁။ မျက်နှာအမူအရာဟန်ပန်နဲ့အလှူဒါနပြုခြင်း ။
မျက်နှာထားပြုံးရွှင်ဖော်ရွေစွာဆက်ဆံခြင်း။
၂။ နှုတ်ဖြင့်အလှူဒါနပြုခြင်း ။ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးချီးမွမ်းစကား၊ ညှာတာထောက်ထားမှုစကား၊ ကြင်နာနွေးထွေးသောစကားများကိုပြောဆိုခြင်း။
၃။ စိတ်ထားဖြင့် အလှူဒါနပြုခြင်း ။ စိတ်တံခါးကို ဖွင့်၍ဖြူစင်သော စိတ်ထားဖြင့် သူတစ်ပါးကို ပွင့်လင်းရိုးသားစွာဆက်ဆံခြင်း။
၃၁ ဘုံအတွင်းမှာရှိကြကုန်သော လူ နတ်ဗြဟ္မာသတ္တဝါများကို မေတ္တာပို့ခြင်း၊ မေတ္တာသုတ်ရွတ်ဆိုခြင်းမျိုး။
၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း ။ ကောင်းသောစေတနာ၊ ကောင်းသောအမြင်ဖြင့် သူတစ်ပါး၏ ကောင်းကွက်များကိုသာ ကြည့်ပေးခြင်း။
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း ။ ကိုယ်နိုင်နင်းသော ကူညီလုပ်ဆောင်ပေးမှုဖြင့် သူ တစ်ပါးကို ကူညီလုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီပေးတတ်ခြင်း၊ ဝန်ဆောင်ခြင်း။
၆။ နေရာထိုင်ခင်းဖြင့် အလှူဒါနပြုခြင်း ။ ရထားစီး၊ ကားစီး၊ သင်္ဘောစီး၊ လှေစီးသောအခါတွင် အိုမင်း မစွမ်း၊ ကလေးငယ်၊ ကိုယ်ဝန်ရှိသူ၊ ရဟန်း၊သီလရှင်စသည်တို့ကို နေရာဖယ်ပေးခြင်း၊ မိမိ
ထိုင်ခုံကိုထိုင်စေခြင်း။
၇။ နေအိမ် အလှူဒါနပြုခြင်း ။ ကျောင်းကြီး၊ ဇရပ်ကြီးဆောက်လှူမပေးနိုင်သော်လည်း မိမိအိမ်ရိပ်၊ မိမိ သစ်ပင်ရိပ်၊ ကွပ်ပျစ်ငယ်လေးစသည့် ထိုင်စရာ၊ နားခိုစရာကို သူတစ်ပါးအတွက် အနားယူရန် ခေတ္တခွင့်ပြုပေးခြင်း။
ထိုဆင်းရဲသားကို မြတ်စွာဘုရားက အထက် ပါအတိုင်းဟောကြားနည်းလမ်းပြလိုက်သဖြင့် ကံမြင့်သွားလေသလား။ မမြင့်လားတော့ ဇာတ်လမ်းဆုံးအောင် ဖတ်ရှုခွင့်၊ နားထောင်ခွင့်မကြုံသဖြင့် မသိတော့ပါဘူး။
ဘုရားလမ်းညွှန်တာကို လိုက်နာလုပ်ဆောင်တဲ့အတွက် သူ့ဘဝကံကောင်းပြီး သူဌေးကြီး၊ သူကြွယ်ကြီးဖြစ်သွားလေသတည်းလို့ ဖြစ်ဖို့များပါတယ်။
လောကမှာ မိမိကိုယ်ကိုအရာရာ ဦးစားပေး စဉ်းစားလွန်းတာမျိုးက ကလေးသူငယ်ဘဝမှာသာ အဆင်ပြေနိုင်တာလေ။ သို့ပေမယ့် ငါကပထမ၊ ငါဦးစားပေးခံရမယ်။ ငါသာအရေးကြီးတယ်။ အခြားလူတွေဘေးဖယ်ကြဆိုတဲ့ လူအချို့ကိုလည်း တွေ့ရတတ်တယ်။ စိတ်ထားရင့်ကျက်မှုမရှိ၊ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်လို့ ဆက်ဆံရခက်သူအဖြစ် သတ် မှတ်ခံရသူအချို့ ရှိတတ်ပါတယ်။
ဘဝင်မြင့်သူ၊ မာနကြီးသူ၊ တစ်ကိုယ်ကောင်းဆန်လွန်းသူတွေမှာ မိတ်ဆွေ ကောင်းရှားကြတယ်။
ကူညီတတ်သူ၊ စာနာဖေးမတတ်သူ၊ အားပေးနှစ် သိမ့်တတ်သူ၊ နားလည်မှုရှိသူ၊ သူများထက်ပိုပြီး အခွင့်အရေးမယူတတ်ဘဲ အနစ်နာခံတတ်သူ၊ ရပ်ရေးရွာရေးစိတ်ဝင်တစား အားပေးကူညီချင်သူ၊ ထိုပုဂ္ဂိုလ်မျိုးကိုသာ ကြီးကြီးငယ်ငယ် ခင်မင်ကြတယ်။
တကယ်တော့ လူဆိုတာဟာ ဆက်ဆံရေးသတ္တဝါပါ၊ လူသားအချင်းချင်း ဆက်ဆံဆက်သွယ်မှု၊ဘာသာစကား၊အမူအရာဟန်ပန်လေသံ၊အပြုံး၊ကူညီဖေးမတတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကြောင့် အုပ်စုနဲ့နေတတ်ကြတဲ့ ဆင်။ ကျီးကန်း၊ ပုရွက်ဆိတ်၊ ခြ၊ မျိုးတူငါးအုပ်စုစတဲ့ အစုအဝေးတွေထက် ကွဲပြားသာလွန်ခဲ့ပြီး ဒီကမ္ဘာမြေကိုစိုးမိုးအုပ်ချုပ်နေတာမဟုတ်လား။
သတ္တဝါအမျိုးအစားအကြီးအငယ် အမျိုးမျိုး၊အတောင်ပါသော ငှက်များ၊ ခြေလေးချောင်းရှိသော သတ္တဝါများ၊ ကုန်းနေရေနေ၊ လေနေ အားလုံးထဲမှာ ခြေနှစ်ချောင်းလက်နှစ်ချောင်းနဲ့ ခေါင်းထဲမှာ အသိ ဉာဏ်ဦးနှောက်မြင့်တဲ့ လူသားသာလျှင် ကမ္ဘာ့အပြင်စကြဝဠာခရီးဆီသို့ ထွက်တတ်ဝင်တတ်တယ်နော်။
လူအချင်းချင်းဆက်ဆံရေး၊ အပေးအယူ၊ အကူ အညီ၊ အပြန်အလှန်ချစ်ခင်စာနာမေတ္တာသဘောထားအရင်းခံ “စိတ်နေစိတ်ထား”မွေးမြူနိုင်သူဟာ ကံကောင်းအကြောင်းလှ၊အောင်မြင်ကြတာပဲ၊ မျောက်သင်းကွဲလို၊ တစ်ကောင်ကြွက်လို ငါမှငါ(အတ္တလွန်ကဲ) မာန်မာနလွန်ကဲတဲ့ လူဟာ ကံနိမ့်ပါလိမ့်မယ်။ အတ္တများလေလေ၊ အကျနာတတ်၊ နစ်မွန်းတတ်လေလေ၊ ဘဝဇာတ်ခုံမှာ ဇာတ်လမ်းဇာတ်ကွက်တွေသင်တန်းစာများခဲ့လှပေပြီ။
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကာလ မဟာဗုဒ္ဓဝင်ဇာတ်တော်များ၊ ဗုဒ္ဓဝင်နိပါတ်တော်များမှအစသမိုင်းကြောင်းအတွင်းမှ ထင်ရှားတဲ့ခေါင်းဆောင်ဧကရာဇ်များ၊ မင်းဘုရင်များ၊ မြို့စား၊ နယ်စား၊ စော်ဘွားများ၏ ဘဝကံများကို ခြုံငုံကြည့်နိုင်လျှင် မြင်ခဲ့ပါလိမ့်မယ်။
ကိုယ်ချင်းစာတရားနဲ့ဆက်ဆံတတ်ပါစေ။
အပေးလှူများနဲ့ ဆေးကူတတ်ပါစေ။ ရိုင်းစိုင်းယုတ် မာ၊ အကြမ်းဖက်၊ လက်နက်ကိုင်အနိုင်ကျင့်သတ်ဖြတ်နှိပ်စက်၊ မီးရှို့၊ မိုင်းခွဲ၊ ကျောင်းဖျက်၊ ရွာဖျက်၊ အဖျက်သမားများ သူ့စရိုက်လမ်းအတိုင်းသာကျင်းတူးကာ ဆင်းသွားကြပါစေ။
လောကကို အေးချမ်းသာယာစေအောင်အမှန်တကယ် ဆောင်ကြဉ်းနိုင်တာကတော့ ပေးလှူခြင်း၊ ကူညီခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်း၊ နားလည်ချစ်ခင်ပေးခြင်းဆိုတဲ့ မေတ္တာတရားတွေသာပွားများပါစေ။
ဆက်ဆံရေးကောင်းပါစေ။ ကံကောင်းမှာပဲ။
ရက်ရောစွာပေးလှူပါလေ။ ကံကောင်းပါစေ ။
မိမိနဲ့ ပတ်ဝန်းကျင်၊ မိမိနဲ့လောက၊ ဘယ်သောခါမှကြမ်းတမ်းရက်စက်၊ ရန်ခိုက်ဒေါသမဖြစ်ရစေနှင့်။ ချမ်းသာခြင်းကင်းကွာရတတ်လို့ပါလေ။ စေတနာအမှန်ပါ။
နိဂုံးချုပ်ဝါကျစာကြောင်းရေးပြီးမှ စိတ်ကူးထဲသို့လင်းလင်းလက်လက်အကြောင်းအချက်က ထင်ထင် ရှားရှားဝင်ရောက်လာပါတယ်။ကံကောင်းနည်းကို တင်ပြဆွေးနွေးတဲ့ စာရေးသူအတွက် ဒါလေးအဆုံး သတ်မှာထည့်လိုက်ရင် စာဖတ်သူအတွက် အကျိုးရှိမှာပါ။ ဒါတော့ သေချာပါတယ်။ သက်ကြီးဝါကြီးထင်ရှားတဲ့ ဆရာတော်ကြီး တောင်မြို့ အမရပူရမဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ ဟောကြားလေ့ရှိတဲ့ “စိတ် ကောင်းရှိဖို့က ပထမ”ဆိုတဲ့ အဆုံးအမလမ်းညွှန်ချက်ပါ။ စိတ်ကောင်းရှိသူတွေအတွက် ကံကောင်းမယ်ဆိုတာပြောစရာတောင်အထူးမလိုပါ။ စိတ် ကောင်းရှိအောင်သတိနဲ့ မွေးကြစေလိုပါကြောင်းဖော်ပြပြီး နိဂုံး ချုပ်အပ်ပါတယ်။
#PAN