သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအားပစ်ခတ်သည့် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၅

၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်နေ သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးချိုထွန်းအောင်သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သည့် တရားခံများ ရှာဖွေတွေ့ ရှိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ပူးပေါင်းပါဝင်သတင်းပေးမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် အကြမ်းဖက်အဖွဲ့များ အသုံးပြုခဲ့သည့် စက်ဘီးအား သုံးဘီးယာဉ် ၁ စီးပေါ်တွင် တင်ဆောင်သွားသည်ကိုတွေ့ရှိခဲ့ကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ မေလ ၂၃ ရက်နေ့တွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့်သုံးဘီးယာဉ်မောင်းနှင်သူ စန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါ(၃)လမ်း၊ အမှတ်(၂၄၈)ရှိနေအိမ်၌ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် စက်ဘီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင်ထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့သည့် ဝင်းသူ(ခ)ကုလားလေး(၃၉)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊ စိန်ချယ်လမ်းတို၊ အမှတ်(၂၃၃)ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၂၅ ရက်နေ့တွင် ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံမျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်(၂၈)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ပြုံးပြုံး(၂၄)နှစ်၊ သမီးဖြစ်သူ လင်းလက်ရွှေ(၆)နှစ်တို့အား ညောင်ဦးမြို့ နယ်၊ ပုဂံမြို့ ဟောင်းတွင်လည်းကောင်း၊ ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်း အောင်ဆန်းဟိန်း(၂၅)နှစ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသူညီညီလှိုင်(၃၉)နှစ်တို့အား မွန်ပြည်နယ်၊ မုဒုံမြို့ တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ဦးချိုထွန်းအောင် လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်ခဲ့သည့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး ၏ မိသားစုဝင်များသည် မြဝတီမြို့ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေလ ၂၆ ရက်နေ့တွင်ချစ်ကိုကို (ခ)ကျော်ကြီး ၏ဇနီး မြင့်မြင့်ထွေး(၃၉)နှစ်၊ အောင်ကိုကိုချစ်(၁၈)နှစ်၊ ဇင်မောင်မောင်(ခ)အာနိုး(၂၇)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဖြိုးဝေအောင်(ခ)အရှည်ကြီး(၄၀)နှစ်တို့အား ပဲခူးမြို့ အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ မေလ ၂၉ ရက်တွင် ဦးချိုထွန်းအောင်အားလုပ်ကြံသတ်ဖြတ်မှုအပါအဝင် ၎င်းတို့အကြမ်းဖက်အဖွဲ့ဆောင်ရွက်ခဲ့သော လုပ်ကြံသတ်ဖြတ်မှုများ၌ Scout ကြည့်ရှုပေးခဲ့သည့် တရားခံ မင်းစည်သူ(ခ)အငယ်လေး (၂၉)နှစ်နှင့် ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင်(၃၃)နှစ်တို့အား ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ဈေးကလေးလမ်း၊ အမှတ်(၁၇၇)ရှိနေအိမ်၌လည်းကောင်း၊ တရားခံ ဟန်လင်းအောင် (၂၈)နှစ်၊ ကြည့်မြင်တိုင်မြို့ နယ်၊ သီတာရပ်ကွက်၊သိန္နီလမ်း၊ အမှတ်(၃၂)နေသူအားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ထို့ပြင် ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ထွက်ဆိုချက်အရ ၎င်းသည် ဦးချိုထွန်းအောင် အား လုပ်ကြံသတ်ဖြတ်စဉ် သေနတ်ကျည်ပေါက်ထွက်၍ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာအား သာကေတမြို့ နယ်၊ ၄/တောင်ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ်(၅၂၄)ရှိ “လင်း” အထူးကုဆေးရုံ၌ လျှို့ ဝှက်စွာ ဆေးကုသခဲ့ ကြောင်း သိရှိရသဖြင့် မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တရားမဝင်ဆေးကုသပေးခဲ့သော DCS ဆရာဝန် ဇော်ကိုကို(၃၈)နှစ်နှင့် DCS ဆရာဝန်များဖြင့် စုစည်းဖွင့်လှစ်ထားသည့် “လင်း”အထူးကုဆေးရုံပိုင်ရှင်ဒေါက်တာ ရဲလင်းစိုး (၃၆)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ရာတွင်အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လတွင် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့ အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေး ရည်မွန် ၏ စီစဉ်ထောက်ပံ့ပေးမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ Golden Valley Warrior အမည်ခံ အကြမ်းဖက်အဖွဲ့တွင် ဖမ်းဆီးရန်ကျန်တရားခံ ကိုထက် ခေါင်းဆောင်၍ အင်အား ၈ ဦးရှိပြီး ရန်ကုန်မြို့၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့်၎င်းတို့ မကျေနပ်သည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၅ ရက်တွင် Golden Valley Warrior အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ကိုထက် သည် Telegram မှတစ်ဆင့် ဦးချိုထွန်းအောင်၏ ဓာတ်ပုံနှင့် နေအိမ်တည်နေရာ Google Map တို့အား ပေးပို့ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများဖြစ်သည့် မျိုးကိုကို(ခ)စိုင်းကိုကို (ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၊ မင်းစည်သူ(ခ)အငယ်လေး၊ ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ဦးချိုထွန်းအောင်၏ နေအိမ်ဝန်းကျင်သို့ (၆)ကြိမ်သွားရောက်၍ အခြေအနေကြည့်ခဲ့ကြောင်း၊ မေလ ၂၁ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံ ကိုထက် မှ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် ထံသို့ ပစ္စတို ၂ လက်အားပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

မေလ ၂၂ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ကိုထက် မှ ငှားရမ်းပေးထားသည့် ရွှေပေါက်ကံမြို့ သစ်၊ (၂၂)ရပ်ကွက်၊ သပြေခြံမြို့ ပတ်လမ်း၊ အမှတ်(ရ/၁၀၃/၁၀၄)ရှိ Safe House မှ စက်ဘီးဖြင့်ထွက်ခွာခဲ့ကြောင်း၊ ဦးချိုထွန်းအောင်၏နေအိမ်ရှေ့အရောက်တွင် လမ်းလျှောက်နေသော ဦးချိုထွန်းအောင် အား မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်မှ အသင့်ယူဆောင်လာသည့် ပစ္စတိုဖြင့် ၄ ချက် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်စဉ် ပစ္စတိုကျည်ညှပ်သဖြင့် ရှင်းလင်းစဉ် ကျည်ပေါက်ထွက်၍ ၎င်း၏ဘယ်ခြေထောက်အား ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းနောက် စက်ဘီးဖြင့် ရွှေပေါက်ကံမြို့ သစ်ရှိ Safe House သို့ပြန်လာခဲ့ပြီး စက်ဘီးနှင့် လုပ်ကြံသတ်ဖြတ်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများအား စန်းထက်အောင်(ခ)ပဲခူးသားနှင့် ဝင်းသူ(ခ)ကုလားလေး တို့အား ဝှက်ထားခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ထွက်ဆိုချက်အရ ၎င်းသည် ရရှိခဲ့သည့်ဒဏ်ရာအား ဆေးကုသရန်အတွက် ဖမ်းဆီးရန်ကျန်တရားခံ အောင်သူ မှကြိုတင်ချိတ်ဆက်ပေးထားသည့် “လင်း”အထူးကုဆေးရုံရှိ DCS ဆရာဝန် ဇော်ကိုကို ထံသို့သွားရောက်၍ လျှို့ဝှက်စွာဆေးကုသမှုခံယူခဲ့ကြောင်း၊ ၎င်းနောက် မိသားစုနှင့်အတူ ပခုက္ကူမြို့နယ်ဘက်၌ တိမ်းရှောင်ရန်သွားရောက်စဉ် ပုဂံမြို့ ဟောင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUGတရားခံပြေး ရည်မွန် ၏စေခိုင်းမှုဖြင့် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့သည်နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့်အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အောက်ပါအတိုင်း လုပ်ကြံသတ်ဖြတ်မှု(၄)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိ
ရပါသည်။
(က) ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် သည် သန်လျင်မြို့ နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းနေ ဥပဒေအတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင် အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ချစ်ကိုကို(ခ)ကျော်ကြီးတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

( ခ ) ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်နှင့် ချစ်ကိုကို(ခ)ကျော်ကြီး တို့သည် ရွှေပြည်သာမြို့ နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပန်းခြံ(၄)လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ပစ္စတိုဖြင့်ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ဟန်လင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

( ဂ ) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် သည် သင်္ဃန်းကျွန်းမြို့ နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်(၃)လမ်းနေ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး မင်းစည်သူ(ခ)အငယ်လေးနှင့် ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင် တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

(ဃ) ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော် သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊(၁၁) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းအနီးတွင် မစဖအဖွဲ့ဝင်(၂)ဖြစ်သူ ဦးရွှေမန်းအား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင် တွင်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင် မှ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Golden Valley Warrior အကြမ်းဖက်အဖွဲ့သည် ရန်ကုန်မြို့ အတွင်း၌ အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့လုပ်ကြံသတ်ဖြတ်ခြင်းများအတွက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG က (၁)ကြိမ်လျှင် ၂ သိန်းကျပ် NUG Pay မှ တစ်ဆင့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းအသိပေး သတင်းထုတ်ပြန်ထားသည်။

#PAN