

(မှုခင်း) ဇွန် ၅
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်လုံးရပ်မှာရှိတဲ့ လမ်းဘေးကျူးတဲမှာနေထိုင်သူနှစ်ဦး အရက်သေစာအတူသောက်စားပြီး ရန်ဖြစ်စကားများကြရာက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်လုံးရပ်၊ လမ်းဘေးကျူးတဲမှာနေထိုင်တဲ့ ဖိုးဇော်၊ ၄၅ နှစ် နဲ့ အတူနေထိုင်တဲ့ မောင်ရွှေဌေး၊ ၃၅ နှစ်တို့ ၂ ဦးဟာ ဇွန်လ ၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်မှာ ကျူးတဲအတွင်း အရက်သေစာသောက်စားပြီး အချင်းချင်း စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖိုးဇော်ဟာ အနီးအနားမှာရှိတဲ့ အရိုးအသွား ၁၂ လက်မခန့်ရှိ စတီးလက်ကိုင် ဓါးဦးချွန်နဲ့ မောင်ရွှေဌေးရဲ့ ဘယ်ဘက် ရင်အုံအထက်ကို တစ်ချက်ထိုးသွင်းခဲ့တာကြောင့် မောင်ရွှေဌေးဟာ အခင်းဖြစ်နေရာမှာ သေဆုံး သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားသူရဲ့ရုပ်အလောင်းကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး မောင်ရွှေဌေးကို သေဆုံးအောင် ဦးချွန်ဓါးနဲ့ ထိုးသွင်းခဲ့တဲ့ ဖိုးဇော်၊ ၄၅ နှစ်၊ (ပ)၁၂၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့အမှုဖွင့်အရေးယူထားကြောင်း သိရသည်။