နယ်စပ်ဒေသများတွင် ဖြစ်​ပေါ်လျက်ရှိ​သော တရားမဝင် အွန်လိုင်း​​လောင်းကစားမှု များအား နှိမ်နှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

(ပြည်တွင်း)ဇန်နဝါရီ ၂၁

      ယခုလတ်တလောတွင် ကရင်ပြည်နယ်၊ မြဝတီ-​ရွှေကုက္ကိုလ်နှင့် KK Park နယ်​မြေ အတွင်း တရားမဝင် အွန်လိုင်း​လောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်​​ပေါ်လျက်ရှိသည်။

       အဆိုပါ ရွှေကုက္ကိုလ်နယ်​မြေသည် ၂၀၁၆ ခုနှစ် ကတည်းကပင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အကြောင်း ပြ၍ စီမံကိန်း တစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် မီဒီယာများမှ ဖော်ပြချက်များ၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်နေသည်ဆိုသည့် သတင်းများကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့်ဒေသ ဖြစ်သည်။ အဆိုပါနယ်မြေအတွင်း၌ လက်နက် ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိခြင်း၊ တရား ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝ စိုးမိုးအုပ်ချုပ်ရန် အခက် အခဲနှင့်ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် နယ်မြေဒေသမတည်ငြိမ်မှု များဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ အနေဖြင့် အခွင့် ကောင်းရယူကာ အွန်လိုင်း​လောင်း ကစားအပါ အဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်။

      ထို့အပြင် ၎င်းဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက် ဖြစ်သည့် လျှပ်စစ် ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံ အတွင်းမှရရှိခြင်း မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့်ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အဦ များနှင့် ရင်းနှီး မြှုပ်နှံမှုအများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်ကြောင်းကိုတွေ့ရှိရသည်။ အဆိုပါ Online လိမ် လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူများသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ် ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် လုပ် ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း၌ မြန်မာ နိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။

       ၎င်းဒေသ ထိုင်း – မြန်မာ (မဲဆောက် – မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံ သား Mr. Wang Xing (ရုပ်ရှင် သရုပ်ဆောင်)ကို ၎င်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများက အချင်းချင်းချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် သတင်းကိုလည်း သတင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။ ဖြစ်စဉ် နှင့်စပ်လျဉ်း၍ စိစစ်ချက်များအရ Mr. Wang Xing ကို ထိုင်းနိုင်ငံအခြေစိုက် အနုပညာကုမ္ပဏီတစ်ခုဖြစ် သော GMM Grammy ၏ WeChat Account မှတစ်ဆင့် တရုတ်နိုင်ငံသားတစ်ဦးက ဆက်သွယ်လာပြီး ထိုင်းနိုင်ငံ၌ သရုပ်ဆောင်အဖြစ် လာရောက်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် ဇန်နဝါရီ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ဘန်ကောက်မြို့မှ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ မဲ့ကွန်းကန်ရွာအနီးရှိ သောင်ရင်းမြစ် ကမ်း(ထိုင်းနိုင်ငံဘက်ခြမ်း)သို့ရောက်ရှိပြီးနောက် လှေဖြင့် မြန်မာ နိုင်ငံဘက်ခြမ်း၊ မြဝတီ-​ရွှေကုက္ကိုလ်နယ်​မြေသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

       ထို့နောက် အဆောက်အဦတစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်စေရန် ဦးစွာလေ့ကျင့်ပေးခဲ့ကြောင်းနှင့် ယင်းအဆောက်အဦ၌ တရုတ်နိုင်ငံသား ၁၀ ဦးခန့် တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဒုတိယအဆောက်အဦတစ်ခုသို့ ဆက်လက် ရောက်ရှိခဲ့ပြီး ခေါင်းတုံးတုံးပေးခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်ရန် စေခိုင်းခြင်းခံခဲ့ရကြောင်း၊ အဆိုပါနေရာသည် Online လောင်းကစား လိမ်လည်သည့် နေရာ ဖြစ်ပြီး အဆောက်အဦအတွင်း တရုတ်နိုင်ငံသား ၅ဝ ခန့်ရှိကြောင်း၊ ယင်းနောက် မိသားစု နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အဆိုပါနယ်မြေအတွင်းရှိ ၎င်းနှင့် ပတ်သက်ခဲ့သည့်အဖွဲ့အစည်းများက တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ ထဆောင်လွတ်မြို့ နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဝမ်သခီရန်သိုင့် ကျေးရွာရှိအမှတ် (၃၄) ဂိတ်မှတစ်ဆင့် ၎င်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်း နောက် ညပိုင်းတွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ) သို့ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

       ထို့ပြင်  အမှတ်(၅)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ သံတံတားအနီးတွင် တရုတ် နိုင်ငံ သား Mr. Cheng Xiao Ning ပါ ၃ ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်း တို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ် ဆက်မှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာ နိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းကို လုပ်ကိုင်နေကြရသူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာ ရရှိခြင်းမရှိသဖြင့် ထွက် ပြေးလာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

       အလားတူ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ နတ်သျှင်နောင် မီးပွိုင့်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ ၂ ဦးအား တွေ့ရှိသဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ  ၎င်းတို့သည် ၂၀၂၃ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

      အထက်ပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများပြုလုပ်နိုင်ရန် အတွက် လျှပ်စစ် ဓာတ်အားရရှိရန်၊ အင်တာနက်ဆက်သွယ်မှုရရှိရန်နှင့်တရားမဝင်လုပ်ငန်းအတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အဦများရှိရန် အခြေခံလိုအပ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းအခြေခံအချက်အလက်များကို တစ်ဖက်နိုင်ငံကို အခြေခံ၍ ရယူသုံးစွဲနေခြင်းသာဖြစ်သည်။ လုပ်ငန်းလုပ်ဆောင်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီး ချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာ နိုင်ငံ အတွင်းသို့နယ်စပ်လမ်းကြောင်းများ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေ သည့် ပြည်ပနိုင်ငံသားများပင်ဖြစ်သည်။ Online လိမ်လည်မှုများ၊ Online လောင်းကစား မှုများ ပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အပြုသဘောဆောင်သည့်ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွဝိုင်းဝန်း တိုက်ဖျက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။  

        မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၏ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့ အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွား ရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှု များကို  ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့်ပြန်လည် လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

      ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံ သားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ် ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိသော် လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူ များဖြစ်သော်လည်းလူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး မှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးလျက်ရှိသည်။ တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Online လောင်း ကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော် ထုတ်ခဲ့ရာ နယ်စပ်ဒေသ များဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များ အပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူ များကို သက် ဆိုင်ရာ နိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံ သို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှား နိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုး ပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာ လန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်း ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှု များကို ဆောင်ရွက်လျက်ရှိသည်။

        နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှု ကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်နိုင် ရန်အတွက် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက် ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင် ရာနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

      ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး)ကို ကူညီစုံစမ်းရှာဖွေပေး ရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံ ရေးလမ်းကြောင်းများမှတစ်ဆင့်အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့သည်။၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ​ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့​သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်း နှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး​ပေါင်း၈ ဦးလွှဲရန် ကျန်ရှိ​ကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦး နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့်နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီသတင်းဖလှယ်ပေးလျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာ နိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီး နှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့​သည်။ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက် အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့သည်။

       Online လိမ်လည်မှုများ၊ Online လောင်း ကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေသူများသည် သာမာန်လူများမဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများ ဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင် နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ “တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကိုလိမ်ခြင်းလည်း မဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော် ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည် ဖြစ်” ပါသည်။

       သို့ဖြစ်ပါ၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြ သူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များ နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက် အခဲနှင့် ကန့်သတ်ချက်များရှိသည့်ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ် ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း များ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက် ရှိကြသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ စုံစမ်း ဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း ၎င်း Online လိမ်လည်မှုနှင့် ပတ်သက်သည့် သတင်းအချက် အလက်များရရှိပါက သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် Online လောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းတိုက်ဖျက်သွားကြပါရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ထားပါသည်။

#PAN