မုန်တိုင်းလား – လေပြေလားကမ္ဘာ့နိုင်ငံရေးပိုးလေဝသအပြောင်းအလဲ

(ဆောင်းပါးကဏ္ဍ) ဒီဇင်ဘာ ၂၅
နေဇင်လတ်

ဘယ်ဇာတာနဲ့ယှဉ်ပြီး မွေးဖွားလာသလဲ
တော့မသိ
     Trump အရှိန်အဝါကြီးချက်ကတော့ အံ့ရောပါပဲ။ ကမ္ဘာကြီး တုန်လှုပ်သွားခဲ့ပြီး နိုင်ငံကြီးတွေတောင် အကြီးစားငလျင် လှုပ်ခါသွားခဲ့တယ်။ ဘယ်တုန်းကမှ ဘာမှမကြားခဲ့ရတဲ့ Holly-Wood လဲ “တော်လဲ”သံ အပေးခံလိုက်ရတယ်။ ဒီမိုကရက်ဘက်က မဲဆွယ်ခဲ့တဲ့ဟောလိဝုဒ် ကြယ်ပွင့်တွေ ထရမ့်ကို အပြေးအလွှား ပြန်ပြောင်းပြီး မျက်နှာချိုသွေးကြရသလို၊ စောစော စီးစီး အမေရိကန်က ထွက်ခွာသွားကြသူတောင် ရှိလာကြပြီ။ဘိုင်ဒင်နဲ့ အဆင်ပြေသူတွေ ထရမ့်ရဲ့ နဂါးမျက်စောင်းကို ထိတ်လန့်နေကြရပြီ။ ဘိုင်ဒင်နဲ့အဆင်
မပြေသူတွေကတော့ ပြန်ပြီးပြုံးလာနိုင်ကြပြီ။ ဒါတောင် Trump က အရွေးခံသမ္မတ အဖြစ်ပဲရှိသေးတယ်။ တရားဝင် အိမ်ဖြူတော်ကိုမရောက်သေးဘူး။ အိမ်ဖြူတော်ရောက်ပြီး ကျမ်းကျိန်ပြီးရင်တော့ ငလျင်ကြီးတွေ ဆက်တိုက်လှုပ်တော့မလားမသိဘူး။

      ကမ္ဘာ့နိုင်ငံရေးမိုးလေဝသ ရုတ်ခြည်းပြောင်း လဲသွားခဲ့တယ်။
      ဒါပေမဲ့ မုန်တိုင်းလား၊ လေပြေလားဆိုတာတော့ မပြောတတ်သေး။

ယူကရိမ်း-အမှောင်မှအလင်းသို့

     သုံးနှစ်နီးပါး စစ်ဖြစ်ခဲ့ပြီး နိုင်ငံကြေမွသွားခဲ့တဲ့ ယူကရိမ်းလဲ အမှောင်လွန်ပြီးအလင်းရောင်ကိုစမြင်ရပြီလို့ပြောလို့မရပြန်သေး။ ၁၇- ၁၁- ၂၄ သတင်းတွေထဲမှာ ဇလန်စကီးရဲ့ စကားသံတွေက ယူကရိမ်း ပြည်သူတွေအတွက်ရော စာနာကြတဲ့ ကမ္ဘာကြီးကိုရော အား တက်စေခဲ့တယ်။ ဒါပေမဲ့ ဇလန်စကီးရဲ့ ဗလောင်းဗလဲ ပြောဆိုမှကတော့ အဖတ်ဆယ်မရအောင် မြောင်းထဲရောက်သွားရပါတယ်။
     ဇလပ်စကီးက –
     ကျွန်တော်တတ်နိုင်သမျှ ဖြစ်နိုင်တာတွေကို အကုန်ကြိုးစားပြီး ၂၀၂၅ ထဲမှာ ယူကရိမ်းစစ်ကို ရပ်ပါမယ်။ ထရမ့်ရဲ့အိမ်ဖြူတော်က ပံ့ပိုးမှုတွေကလည်း စစ်ရပ်ရေးကို ပိုပြီး မြန်ဆန်စေပါလိမ့်မယ်”
     အမှန်ကတော့ “မတတ်သာလို့ မာန်လျော့ခြင်းသာ”ပါ။
     အခုလိုစကားမျိုးမပြောခင်ရက်ပိုင်း အလိုကမှ အိမ်ဖြူတော်ကထောက်ပံ့မဲ့ $ 6.1 Billion နဲ့ထိန်းချုပ်ထားတဲ့ ရုရှား Asset $ 300 Billion ဖိုးက ဇလန်စကီး အပြင်းအထန်တောင်းနေခဲ့ပါတယ်။ ဘိုင်ဒင် သက် တမ်းမကုန်ခင် အမြန်ပေးဖို့ ကြိုးစားခဲ့တယ်။ သူမျှော်လင့်ချက်တကြီးနဲ့တင်တဲ့ “Victory Plan” ဆိုတဲ့ အောင်မြင်ရေး စီမံချက်က အပယ်ချခံလိုက်ရတယ်။ အမေရိကန်ရော၊ NATO ရော စစ်ကို ပြန်စိတ်ဝင်စားလာစေမဲ့ ရုရှား-မော်စကိုကို UK နဲ့ပေါင်းပြီးဒရုန်းတွေနဲ့ အုပ်စုလိုက်တိုက်ပြလိုက်ပါသေးတယ်။ အဲ့ဒီ မတိုင်ခင်ကလဲ UK နဲ့ပေါင်းပြီး ရုရှားနယ်မြေထဲ ရုတ်တရက်ထိုးဖောက်ပြီး ထောက်ပံ့ပို့ဆောင်ရေးမှာ အဓိကကျတဲ့ တံတားနှစ်ခုကို ဖျက်ဆီးပြလိုက်ပါသေးတယ်။

      တံတားနှစ်ခု တချို့ဖျက်ခံလိုက်ရပေမဲ့ နယ်ကျူးဝင်လာတဲ့ ယူကရိမ်းစစ်သည်တွေ ပိတ်ဆို့ခံရပြီး အခြေမှုန်းခံလိုက်ရတယ်။ တစ်ဖက်မှာ အစ္စရေး-အီရန်စစ်က စစ်ရှိန်မမြင့်သွားအောင် အမေရိကန်က အာရုံစိုက်နေရတာကြောင့် ဘိုင်ဒင်အနေနဲ့ ယူကရိမ်းဘက်ကို အာရုံမပေးနိုင်တော့ပါဘူး။ NATO လဲ ယူကရိမ်းစစ်မှာ ငွေကုန်ရတာများလို့ “လူပန်း၊ ငွေပန်း” ဖြစ်နေရတယ်။ နစ်နေတဲ့နေရာက ပြန်ထွက်ချင်နေကြတယ်။

     ၂ဝ- ၁- ၂၅ နောက်ပိုင်းဘိုင်ဒင် အနေနဲ့ဘာမှလုပ်မရတော့ပါဘူး။ အသစ်ဖြစ်လာမဲ့ ထရမ့်က ယူကရိမ်း စစ်ရပ်တန့်ရေးအစီအစဉ်တွေ ရေးဆွဲနေပြီး နှပ်ကြောင်းလဲပေးထားခဲ့ပါပြီ။ ဆုံးရှုံးသွားတဲ့ နယ်မြေပြန်ရရေးထက် ရှိနေတဲ့ နေရာကနေစစ်ရပ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဇလန်စကီးရဲ့ အနာဂတ်ကို သွယ်ဝိုက်ပြောနေပါပြီ။ ဇလန်စကီးခေါင်းဆက်မာနေရင် ပြေးပေါက်မှားပြီး ရာဇဝတ် သားကောင်တောင် ဖြစ်သွားနိုင်ပါတယ်။ ဇလန်စကီးမှာ Exit Strat-egyမရှိပါ။ Trump ရဲ့ “စေလိုရာစေ” အောက် ရောက်သွားခဲ့ပါပြီ။
      ပြောတဲ့အတိုင်းနာခံပြီး စစ်ရပ်မလား
      ရာဇဝတ်သားကောင်အဖြစ်ခံမလား

      စစ်ရှုံးသူတွေရဲ့ဘဝ သဘာဝအရ အတော်ခါးသီးလှပါတယ်။ ဇလန်စကီးမှာ ကိုယ်ပိုင်ထွက် ပေါက် Own Exit မရှိတော့ပါ။ Trump ဖွင့်ပေးထားတဲ့ Exit ကသာ ခေါင်းငြိမ့်ပြီး ထွက်ခွာရတော့မဲ့ အဖြစ်ပါ။

     ဘာပဲပြောပြော ယူကရိမ်းပြည်သူတွေအတွက်တော့ ဝမ်းသာစရာဖြစ်မလိုနဲ့ မုန်တိုင်းလွန်ပြီး လေပြေအလှည့်လို့ပြောရမလိုနဲ့ ၂၀-၁၁-၂၄ မှာ ရုရှားထဲကို တာဝေးပစ် ATACMS ပစ်ခတ်လိုက်ချိန်ကစပြီး တစ်ကျော့ပြန် စစ်ရှိန်ပြန်မြင့်တက်လာခဲ့ပြန်တယ်။

အရှေ့အလယ်ပိုင်းစစ်ကရော

      အရှေ့အလယ်ပိုင်းစစ်ကို တော့ Trump ဘယ်လိုကိုင်တွယ်မလဲဆိုတာ မသိရသေးပါဘူး။ လေပြေဖြစ်သွားနိုင်သလို ပိုကြီးတဲ့ မုန်တိုင်းလည်း ဖြစ်သွားနိုင်ပါတယ်။ လက်ရှိအခြေအနေတွေအရတော့ လေပြေဖြစ်ဖို့ မတွေ့ရပါဘူး။ ဘယ်လောက်ကြီးတဲ့ မုန်တိုင်းလည်းဆိုတာကိုသာ ခန့်မှန်းကြရမှာ ဖြစ်ပါတယ်။

      Trump ရဲ့အရှေ့အလယ်ပိုင်းစစ် ကိုင်တွယ်ပုံကို အခြေအနေနှစ်ရပ်နဲ့တော့ ခန့်မှန်းလို့ရပါတယ်။
      ထရမ့်ကက်ဘီနက်အဖွဲ့ဝင်တွေရဲ့တည်ဆောက်မှု
       အီရန်ရဲ့ရပ်တည်မှုနဲ့ပြင်ဆင်မှု

       ထရမ့်ရဲ့အစိုးရအဖွဲ့ဝင်စာရင်း ထွက်လာပါပြီ။ အဲ့ဒီမှာ ပါတဲ့အရေးကြီးဌာနတွေကို ဦးဆောင်သူအားလုံး နီးပါးဟာ အငြင်းပွားဖွယ်ရာထောက်ပြစရာလူတွေဖြစ်နေပြီး Pro–Israel အဖွဲ့လို့တောင် ဝေဖန်နေကြတာတွေ့ရတယ်။ ဥပမာ-အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး၊ UN သံအမတ်ကြီး၊ အစ္စရေးသံအမတ်ကြီး စသည့်တို့၊ Cabi-net List ကို ကြည့်ပြီး ထရမ့်ကိုမဲထည့်ပေးခဲ့တဲ့မူစလင်အဖွဲ့အစည်းခေါင်းဆောင်တွေက “အတော်စိတ်ပျက်စရာတွေ ဖြစ်လာရပြီ”လို့ ထုတ်ဖော်ပြောဆိုခဲ့တာကိုတွေ့ရတယ်။ အီရန်အပေါ်တင်းမာတဲ့ သူတွေဖြစ်နေလို့ပါ။

       ဒုတိယတစ်ချက်ဖြစ်တဲ့ အီရန်ရဲ့ ရပ်တည်မှုနဲ့ ပြင်ဆင်မှုအရလဲ အီရန်ဘက်ကစစ်ပွဲကြီးတစ်ပွဲကို မျှော်လင့်ထားကြောင်းတွေ့ရတယ်။ အီရန်ခေါင်း ဆောင်ကြီး အယာတိုလာခါမေနီက
     “အီရန်ဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ ရင်ဆိုင်ရမဲ့စစ်ပွဲမှာ ဘယ်လောက်အထိ ပေးဆပ်ခြင်း ရှိပါစေ။ ပေးဆပ်ရင်ဆိုင်သွားမယ်”လို့ ဆိုလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ် ကမ္ဘာကြီးရဲ့နောက်ဆုံးခံတပ်က အီရန်ဖြစ်နေလို့ပါတဲ့။ အဖြေကတော့ အတော်ရှင်းသွားပါပြီ။ အရှေ့အလယ်ပိုင်းဟာ လေပြေအဖြစ်မဟုတ်ပဲ မုန်တိုင်းအဖြစ်မြင်ရမဲ့“ပံ့ပိုး”မဲ့ အချက်နှစ်ခု ရှိပါသေးတယ်။ ဒါကတော့-
     ထရမ့်ကို စည်းရုံးရေးခရီးတွေမှာ သမ္မတမဖြစ်ခင်၊ သမ္မတဖြစ်ပြီး အချိန်ကာလတွေအထိ အီရန်ဘက်က လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့သတင်းကြောင့်ပါ။ ၆-၁၁-၂၄ မှာ ထရမ့် အနိုင်ရပြီလို့ကြေညာတဲ့အချိန်မှာပဲ FBI က သတင်းတစ်ခုထုတ်ခဲ့တယ်။ ထရမ့်ကိုလုပ်ကြံမဲ့ အဖွဲ့နှစ်ဖွဲ့ကို ဖမ်းမိထားပြီဆိုတဲ့သတင်း၊ အီရန်က $ 500,000 နဲ့ လုပ်ကြံမဲ့အဖွဲ့ကို ငှားရမ်းခဲ့တယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။

      နောက်တစ်ခုက ထရမ့်နဲ့ ပတ်သက်တဲ့ အဆိုးသတင်းကို အီရန်က ဘိုင်ဒင်လက်ထဲ လျှို့ဝှက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းက ဘာလဲဆိုတာ ဒီနေ့အထိ ဘယ်သူမှ မသိနိုင်သေးပဲ ဘိုင်ဒင်ကလဲ ဖွင့်မချခဲ့တာ ထူးဆန်းနေပြန်ပါတယ်။

      အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ထုတ်ပြောခဲ့တဲ့ စကားကလဲ အရှေ့အလယ်ပိုင်းစစ်ဟာ မုန်တိုင်းဖြစ်နိုင်ခြေများနေတာကိုပြဆိုနေပြန်ပါတယ်။ နေတန်ယာဟုပြောတာက “အရှေ့အလယ်ပိုင်းနဲ့အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲအမြင်က ကွဲပြားမှုမရှိပဲ ထပ်တူကျနေတယ်”လို့ဝမ်းသာတယ်လဲ ပြောထားပါတယ်။ အရှေ့ပိုင်းမှာအစ္စရေး-အီရန်စစ်ဟာ အီရန်ကိုလုံးဝ ချိနဲ့သွားအောင်ရယ်၊ အစိုးရအပြောင်းအလဲ (ခါမေနီပြုတ်ကျရေး)ကို အဓိကထားတယ်လို့ဆိုထားတာရှိနေလို့ အရှေ့အလယ်ပိုင်းစစ်ဟာ အကြီးစားစစ်တစ်ခု(သို့) ဟာရီကိန်း အဆင့်မုန်တိုင်းပဲ ဖြစ်ဖို့များနေပါတယ်။

ထရမ့်နဲ့ အနောက်ကမ္ဘာ

      ဘိုင်ဒင်လက်ထက်ယူကရိမ်းစစ်မှာ အက်ကွဲကြောင်းငယ်လေးတွေ ထင်ကျန်ရစ်တဲ့ အနောက်ကမ္ဘာမှာ ထရမ့် လက်ထက်မှာ ပြန်ဆက်လို့မရတော့တဲ့ အက်ကွဲကြောင်းကြီးဖြစ်လာဖို့အတော်များနေတာ တွေ့ရတယ်။အနောက်အုပ်စုလို့ပြောရင် အကြမ်းအားဖြင့် EU နဲ့ NATO ကိုမြင်မိကြမှာပါ။ NATO ထဲက အမေရိကန်နုတ်ထွက်မယ်လို့ အတိအလင်းဆိုလာခဲ့ပါပြီ။ အနောက်အုပ်စုကိုလည်း အမေရိကန်က အကာ အကွယ် မပေးနိုင်တော့ဘူး။ အကာအကွယ်ပေးစေချင်ရင် အဖိုး စားနားပေးဆိုပြီး တောင်းဆိုနေပါပြီ။

      ယူကရိမ်းမှာ NATO လဲ Grace-less Exit ဆိုတဲ့မတင့်တယ်တဲ့ ထွက်ရာလမ်းဖြစ်ဖို့များနေပါပြီ။ ဂျာမဏီက ပူတင်နဲ့တစ်နာရီကျော်ကြာ ဖုန်းပြောခဲ့တယ်။ ယူကရိမ်းစစ် ဖြစ်ကတည်းက အဆက်အသွယ်ဖြတ်တောက်ခဲ့ကြတာ အခုမှဂျာမဏီက ပြန်ဆက်တာဆိုတော့ ယူကရိမ်းစစ်နဲ့ပတ်သက်ပြီး အရေးကြီးတာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရနေပါပြီ။

      ထရမ့်လက်ထက်မှာ အမေရိကန်က ယူကရိမ်းစစ်က နောက်ဆုတ်မှာ သေချာနေပါပြီ။အထောက်အပံ့အများဆုံးပေးတဲ့ US က နောက် ဆုတ်ရင် ဒုတိယအများဆုံးအထောက်အပံ့ပေးတဲ့ ဂျာမဏီ ခေါင်းပေါ်ရောက်လာပါလိမ့်မယ်။ ဂျာမဏီကလဲ ရှေးမဆွထဲက နောက်ကို နည်းနည်းဆုတ်သွားတာ သတိထားမိပါတယ်။

     အဲ့ဒီအခြေအနေတွေအားလုံးကို ခြုံကြည့်လိုက်ရင် အမေရိကန်က သမ္မတ ပြောင်းလို့ မူပြောင်းတာ၊ NATO ရဲ့ ပုံရိပ်အလွန်အမင်းကျဆင်းမှု၊NATO ဖြစ်တည်မှုရဲ့အနာဂတ် အကျိုးသက်ရောက်မှုက အတော်ကြီးတာကို တွေ့ရတယ်။ အမေရိကန် နှုတ်ထွက်တာနဲ့ NATO ရဲ့ကုန်ကျစရိတ်ကို ဂျာမဏီလဲ မကျခံနိုင်တော့ပါဘူး။ စစ်စရိတ်မရှိရင် အဲ့ဒီအဖွဲ့အစည်းရဲ့ ဖြစ်တည်မှုကလဲမေးခွန်းထုတ်စရာ ဖြစ်လာပါတော့မယ်။

US-China အခြေအနေ

      APEC မှာ ဘိုင်ဒင်နဲ့ Xi တို့တွေ့ကြတယ်။ ဘယ်သူက ဘယ်သူ့ဆီကို သွားရမယ်ဆိုတဲ့ အခြေအနေမှာ လွန်ဆွဲကြတယ်။ နောက်ဆုံးမှာ Biden က Xi ရှိတဲ့နေရာကိုသွားရောက်တွေ့ဆုံခဲ့တာ တွေ့ရတယ်။ အနောက်အုပ်စု မီဒီယာတွေမှာ ပြောစရာ “ရိ” စရာ အတော်ဖြစ်သွားခဲ့တယ်။ ဘိုင်ဒင် ပြောခဲ့တဲ့စကားတချို့မှာ –
       “US — China ဆက်ဆံရေးဟာကမ္ဘာပေါ်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း” ပြောခဲ့သလို Xi ကလဲ “အမေရိကန် – တရုတ်လက်တွဲဖြုတ်မှုက အလွန်အန္တရာယ်ရှိတယ်” လို့ သတိပေးပြောတယ်လို့ သတင်းတွေမှာ ပါလာပါတယ်။
      ပြီးတော့ Xi က “သမ္မတ ထရမ့်နဲ့ အတူလက် တွဲလုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့လဲ ပြောလိုက်ပါသေးတယ်။

      ၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒင် အနိုင်ရအောင် တရုတ်က ကူညီခဲ့တယ်ဆိုတဲ့သတင်းတွေရှိထားပါတယ်။ ကြားကာလမှာ နှစ်ဖက်ဆက်ဆံရေး အဖု အထစ်တွေရှိတဲ့ သဘောတွေ့ရပြီး ဘိုင်ဒင့် ကို Xi က ပညာပေးလိုက်တဲ့ သဘောဖြစ်နေတယ်။ ပြီးတော့ အမေရိကန်နဲ့ တရုတ်ဘယ်သူက ဩဇာပိုကြီးသလဲ ဆိုတာကိုလဲ ပြလိုက်သလို မြင်ကွင်းမျိုးပါ။

      စင်ကာပူကလဲပြောခဲ့တာရှိပါသေးတယ်။ အာဆီယံဟာ အရင်လိုကြားနေဝါဒနဲ့ မရတော့ဘူး။ အမေရိကန်လား၊ တရုတ်လားဆိုတာကို ရွေးချယ်ရတော့မယ့် လမ်းဆုံကိုရောက်နေပြီလို့ သတိပေးစကား ဆိုခဲ့ဖူးပါတယ်။ ထိုင်ဝမ်ကိစ္စမှာ “တရုတ်ကသာ ထိုင်ဝမ်ကို စစ်ရေးအသုံးပြုခဲ့ရင် အမေရိကန်နဲ့ ထိပ်တိုက်တွေ့မှာလား” ဆိုတဲ့ မေးခွန်းအပေါ် ထရမ့်က “ကျွန်တော်နဲ့ Xi ကြားမှာဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်။ဒါကြောင့် ခင်ဗျားမေးတာမျိုးဖြစ်လာမှာ မဟုတ်ပါဘူး”လို့ ဖြေခဲ့ဖူးတာ တွေ့ရတယ်။

       Supremacy, Domination ဆိုတဲ့လွှမ်းမိုးမှုမြင် ကွင်းက အပြောင်းအလဲဖြစ်သွားပြီလားလို့ မေးစရာဖြစ်လာခဲ့ရပါပြီ။
      ထရမ့်ထိပ်တန်းအဖွဲ့ဝင်တွေဟာ ဗုံးတစ်လုံးလား၊
      ထရမ့်ရဲ့ Cabinet Member List ထွက်လာတယ်။ အခြား ထိပ်တန်းအကြီးအကဲတွေရဲ့စာရင်းလည်း ထွက်လာတယ်။ ထိပ်စည်းစာရင်းတွေ အများစုက မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တယ်။ အရေးကြီးတဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ UN သံအမတ်ကြီး၊ အစ္စရေးသံအမတ်ကြီးစတာတွေရဲ့ နောက် ကြောင်းတွေက ငြင်းခုံစရာတွေဖြစ်လာတယ်။
အဲ့ဒီအထဲမှာမှ Tulsi Gabbard ဟာ အတော့်ကို အငြင်း ပွားစရာ ဖြစ်လာပါတယ်။ သူမကို DNI-Department of National Intelligence ဆိုတဲ့ အမျိုးသားထောက် လှမ်းရေး အကြီးအကဲအဖြစ် ခန့်အပ်လိုက်တယ်။ အစောင့်တပ်မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်နဲ့ အငြိမ်း စားယူခဲ့တဲ့ Gabbard ဟာ ဒီမိုကရက်အဖွဲ့ဝင်တစ်ဦးပါ။ ၂၀၂၂ မှာ ဒီမိုကရက်ကထွက်ပြီး ၂ဝ၂၄ မှာ ရီပတ်ဘလစ်ကင်ကို ဝင်ရောက်ခဲ့သူဖြစ်တယ်။ရုရှား၊ ဆီးရီးယားနဲ့ အချိတ်အဆက်ရှိထားသူလို့ နာမည်ကြီးတယ်။ သူမကို အမျိုးသားထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ပေးမယ်ဆိုတော့ အလွန်အန္တရာယ်ကြီးလွန်းတယ်ဆိုပြီး အမေရိကန် ထောက်လှမ်းရေးလောကကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကြကုန်ပါတယ်။၂ဝ၁၆ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရအောင် ရုရှားက ကူညီခဲ့တာ Russiagate လို့တောင် နာမည်ကြီးသွားခဲ့ပါသေးတယ်။ ၂၀၂၄ မှာ ရုရှား၊ အစ္စရေးတို့က အကူအညီပေးမှာ ဗေဒင်မေးစရာမလိုပါဘူး။ ပထမသက်တမ်း သမ္မတလုပ်ဖူးပြီး အတွေ့အကြုံရှိတဲ့ ထရမ့်က ၂ဝ၂၅ သူ့ အစိုးရ အဖွဲ့ထဲမှာ ဘာကြောင့်အငြင်းပွားစရာဖြစ်စေခဲ့ရပါသလဲ၊ အတော်ဖြေရခက်မဲ့ မေးခွန်းမျိုး ဖြစ်လာပါလိမ့်မယ်။ ပြန်လည်ပေးဆပ်မှုနဲ့ ဒီလူတွေကိုခန့်အပ်ခဲ့ရတာလား။

      ဒါဆိုရင် Trump ကရော လွတ်လပ်တဲ့ အမေရိကန်သမ္မတလား။
      ဒါမှမဟုတ် ကြိုးသီခံ သမ္မတတစ်ဦ ဖြစ်သွားပြီးလား။
      ဒီအခြေအနေက ယူကရိမ်းစစ် အရှေ့အလယ်ပိုင်းစစ်တွေထက် ပိုဆိုသွားပါလိမ့်မယ်။မုန်တိုင်းဖြစ်လာရင် အဆင့်ငါးကိုကျော်မယ့် ဟာရီကိန်မုန်တိုင်းမျိုးအထိဖြစ်သွားနိုင်ပါတယ်။

#PAN