(ကျန်းမာရေး)ဒီဇင်ဘာ ၂၅
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin Cအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဗီတာမင် C ဆိုတာဘာလဲ
ဗီတာမင် C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာ မင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။
ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ
လူတော်တော်များများကို ဗီတာမင် စီ က ဘာအတွက် ကောင်းလဲမေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များအရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။ တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။ ကိုယ်ခန္ဓာမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။ ဗီတာမင် C က ခန္ဓာကိုယ်ကို အထောက်အကူပြုတာတွေကတော့ –
• ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ရာသီပေါ်တုပ်ကွေး ရောဂါ နဲ့ အခြား ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။
• အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း။
• အသားအရေကို တင်းရင်းစိုပြေစေတယ် ။
• သွားဖုံးသွေးယိုတဲ့ ပြဿနာတွေကလည်းကာကွယ်ပေးတယ်။
• ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေ ရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။
• ကိုလက်စရောကို ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
• လူတွေရဲ့စိတ်ကို ပျော်အောင်၊စိတ်ပူပန်ေအာင်၊ စိတ်ဓါတ်ကျအောင်စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။
• Histamine ပမာဏကို ထိန်းညှိပေးလို့ အမူးအမော်ပြေစေပါတယ်။
• အနာကျက်ခြင်းကို မြန်စေပါတယ်။
• ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကင်ဆာရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။
• နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း။
• ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း။
• ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ(Neurodegenerative diseases) ကိုကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။
ဗီတာမင် စီ ချို့တဲ့ခြင်း
နေ့စဉ်စားသုံးတဲ့ အစာအသောက်တွေထဲမှာ ခန္ဓာ ကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ မပါ ဝင်တာ၊ တခြားနည်းလမ်းနဲ့လည်း ဗီတာမင် လုံ လောက်အောင်မဖြည့်တင်းတာတွေက ဗီတာမင်ချို့တဲ့ရမှုရဲ့ အခြေခံအကြောင်းအခြင်းရာပါ။ ဗီတာမင်ချို့တဲ့လာတဲ့အခါ ခန္ဓာကိုယ်က ရောဂါတွေကို ခုခံနိုင်စွမ်းနည်းလာတာအပြင် တခြားကျန်းမာရေးပြသနာတွေပါ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ Vitamin C ပမာဏလျော့နည်း ချို့တဲ့သူတွေမှာ လုံလောက်တဲ့ဖြည့်စွက်ကုသမှုမရှိခဲ့လျှင် တစ်လအတွင်းမှာ ဖြစ်ပေါ်လာနိုင်တာတွေကတော့ –
• ကနဦးလက္ခဏာအနေနဲ့ ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခန်းခြင်းတွေ စတင်ခံစားရနိုင်ပြီး၊ နောက်ပိုင်းခံတွင်းသွားဖုံးရောင်ရမ်းတာဖြစ်လာနိုင်တဲ့အပြင်သွားဖုံးသွေးယို စတဲ့ သွားကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
• သွေးဖြူဥ (White Blood Cell) ထုတ်တာလျော့နည်းလာပြီးရောဂါပိုးမွှားကာကွယ်ပေးတဲ့ကိုယ်ခံစွမ်းအားကျတတ်တယ်။ နမိုးနီးယားအဆုတ်ယောင်နဲ့ Covid 19 ကဲ့သို့ဗိုင်းရပ်စပိုးဝင်ရောက်ခြင်းပိုဖြစ်နိုင်ပါတယ်။ သံဓာတ်စုပ်ယူမှူနည်းခြင်းကြောင့် သံဓာတ်နဲ့ သွေးအားနည်းရောဂါအထိ ဖြစ်နိုင်ပါတယ်။ (Persistent Iron Deficiency Anemia )
• သွေးတွင်းကိုလက်စထရောချပေးပြီး သွေးပျစ်တာ ကာကွယ်ပေးတဲ့ Vitamin C ချို့တဲ့ရင် ကိုယ်တွင်းအဆီဓာတ်ခြေဖျက်မှုလျော့လာပြီး ကိုယ်အလေးချိန်တက်နိုင်ပါတယ်။
• ကလေးတွေရဲ့ အရိုးဖွံ့ဖြိုးတာထိခိုက်ပြီးအရိုးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ Uric Acid (ယူရစ်အက်ဆစ်)မလျှော့ချပေးနိုင်တဲ့အတွက် အဆစ်ရောင်ရောဂါပိုဆိုးတာ၊ အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တာတွေခံစားရနိုင်ပါတယ်။
• ဆဲလ်တွေကိုဖျက်ဆီးတဲ့နာတာရှည်ရောင်ရမ်းမှု တားဆီးပေးတဲ့ (Antioxidant Properties) ဓါတ်တိုးဆန့်ကျင်အစွမ်းရှိတဲ့ Vitamin C ချို့တဲ့ရင် နှလုံးရောဂါကာကွယ် ခြင်း၊ ကျောက်ကပ်အားကောင်းခြင်း၊ ဦး နှောက်မှတ်ဥာဏ်ဖွံဖြိုးခြင်းစတဲ့အကျိုးတွေမရနိုင်ပါဘူး။ သတိမေ့လွယ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
• Poor Mood & Depression – စိတ်ရွှင် လန်းတက်ကြွမှူမရှိတာ ဖြစ်တဲ့အပြင် Vitamin C ချို့တဲ့ရောဂါဟာ စိတ်ကျရောဂါရနိုင်တဲ့အထိ အချို့လူတွေမှာ ပြင်းထန်ပါတယ်။
• အရေပြားကျန်းမာရေးမှာအဓိကကျတဲ့ဓာတ်ဖြစ်တဲ့အတွက် အရေပြားခြောက်သွေ့ကြမ်း တမ်းပျက်စီးတာ၊ အရေးကြောင်း၊ ကြာဆူး၊ ဝက်ခြံ၊ အဆီဖုပြဿနာတွေဖြစ်နိုင်တဲ့အပြင်ထိခိုက်ဒဏ်ရာကြောင့် အရေပြားအညို အမည်းအကွက်စွဲ၊အနာကျက်နှေးတာတွေခံစားရတတ်ပါတယ်။
• ခန္ဓာကိုယ်အမွေးအမျှင်ထွက်တဲ့ မွှေးညှင်းအိတ်လေးတွေမှာပုံမမှန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ခြေသည်းလက်သည်းကျန်းမာရေးမှာ Vitamin C နည်းတဲ့လက္ခဏာကတော့ လက်သည်းခွံပေါ်မှာအစင်းကြောင်းထွက်တာ Spoon-shaped ဇွန်းပုံစံလက်သည်းခွံ ပုံမမှန်ဖြစ်တာပဲဖြစ်ပါတယ်။
• Vitamin C ချို့တဲ့ရောဂါ Scurvy ဟာ ပြင်းထန်တဲ့အခါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လုံလောက်စွာရအောင် အထူးဂရုပြု စားသောက်သင့်သူတွေကတော့ ကိုယ်ခံအားနည်းတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊ ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေနဲ့ ရောဂါပိုးကူးစက်နိုင်မှူများတဲ့လူတွေပဲဖြစ်ပါတယ်။ နေ့စဉ် အစားအသောက်မှာ လုံလောက်မှူမရှိရင် Vitamin C အားဖြည့်ဆေးတွေကို နံနက်ခင်းပိုင်းမှာ ရေများများနဲ့ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။
ဘယ်လို လူတွေမှာ ဗီတာမင် စီ ချို့တဲ့လေ့ရှိလဲ
ဗီတာမင်စီ ချို့တဲ့လေ့ရှိတဲ့သူတွေကတော့ –
• အရက် အလွန်အကျွံသောက်သုံးသူများ။
• ဆေးလိပ်သောက်သူများ။
• နာမကျန်းဖြစ်နေသူများ။
• ပိုးသတ်ဆေး သောက်နေသူများ။
• အနာသက်သာဆေးသောက်နေသူများ။
• ဓာတ်ဆီ၊ ရေနံဆီတွေနဲ့ အမြဲထိတွေ့ကိုင်တွယ်နေရသူများ။
• သတ္တုတွင်း၊ သတ္တုပစ္စည်းများနဲ့ ထိတွေ့ကိုင်တွယ်နေရသူများ။
ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ
အများစု သိထားကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင် စီ ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့ အစားအစာမှာလည်း ဗီတာမင်စီ ကြွယ်ဝကြပါတယ်။ ဥပမာ-
• ငရုတ်ပွ အနီ/အစိမ်း
• မာလကာသီး
• စတော်ဘယ်ရီ
• လိမ္မော်၊ သံပုရာ
• ခရမ်းချဉ်သီး
• ပန်းဂေါ်ဖီစိမ်း
• သင်္ဘောသီး
• နာနတ်သီး
• ဇီးဖြူသီး
• အာလူး
• ကီဝီသီး
• သရက်သီး
• ကိုက်လန်
• မာလကာသီး
• ဂရိတ်ဖရုသီး စတာတွေ ဖြစ်ပါတယ်။
ဗီတာမင် စီ အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ
အဓိက ပြဿနာကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင်စီ အားဆေးတွေကို လိုတာထက်ပိုသောက်နေတဲ့ လူတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။
အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာရေးကို အထူး အထောက်အကူဖြစ်စေမှာ ဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကား ရှိတဲ့အတိုင်း ဗီတာမင် C ဓာတ် လွန်ကဲသွားခဲ့မယ် ဆိုရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်တာကြောင့် ချင့်ချိန်ပြီး စားသုံးဖို့ အကြံပေးလိုက်ပါရစေ။
(Crd: Hello ဆရာဝန် ၊ OnDoctor)
#PAN