ထရမ့် သို့မဟုတ်တစ်ကမ္ဘာလုံးကိုခြောက်ခြားစေတဲ့သမ္မတ

(ဆောင်းပါးကဏ္ဍ) ဒီဇင်ဘာ ၂၂
နေဇင်လတ်

     ပထမသက်တမ်း လေးနှစ်မှာကတည်းက ခြေစ၊ လက်နကိုပြခဲ့ပြီးတဲ့ထရမ့်ဟာ အိမ်ဖြူတော် မဝင်ခင်မှာ ကထဲက မိုးခြိမ်းပြနေတာနဲ့ တစ်ကမ္ဘာလုံးက စိုးထိတ်နေကြရပါပြီ။“တစ်ကျော့ပြန်လာမယ့်ထရမ့်၊ အရင်နဲ့ မတူတော့ဘူး” “ဒီတစ်ခါ နိုင်ငံခြားရေးမူဝါဒကို အကြီးအကျယ်ပြောင်းမယ်” “သူနဲ့ကဖြစ်ပါ့မလား” စသည်အားဖြင့် သမ္မတအဖြစ် ကျမ်းမကျိန်မီကတည်းက မေးခွန်းများစွာ ဖြစ်နေခဲ့တယ်။ နိုင်ငံကြီးတွေက ခေါင်းဆောင်တွေ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရဖြစ်နေပြီး ပြည်တွင်းက ထိပ်စီးပိုင်းခေါင်းဆောင်တွေလည်း “ဖြုတ်”တဲ့အထဲ ငါပါသွားမလားလို့ စိုးရိမ်စိတ်တွေလည်း ပိုနေကြတယ်။ အမေရိကန်သမိုင်း နှစ် ၂ဝဝ လောက်မှာ သမ္မတပေါင်း ၄၆ ဦး တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲ့ဒီသမ္မတပေါင်း ၄၆ ဦးထဲမှာ ထရမ့်ဟာ အဆိုးသတင်းနဲ့ အကျော်ကြားဆုံးဖြစ်ပြီး ဖြုတ်၊ ထုတ်၊ သတ်အလုပ်ဆုံး သမ္မတကလည်း ဖြစ်ခဲ့ပြန်ပါတယ်။

      ထရမ့်သမ္မတဖြစ်လာမှာမလိုလားလို့ နှစ်ကြိမ်လုပ်ကြံခဲ့ပြီး အသက်ဘေးက သီသီလေးလွတ်မြောက်ခဲ့သူပါ။ အခုပုံအတိုင်းဆိုရင် ပိုပြီးကြမ်းပြမဲ့သဘောကို တွေ့ရတယ်။ပထမတစ်ကြိမ် သမ္မတလုပ်ခဲ့ပြီးသူမို့ “သမ္မတပါးဝ”ခဲ့တာရယ်၊ သူ့စရိုက် သူ့သဘာဝရယ်ကြောင့် ခံ့ညားတည်ကြည်တဲ့ သမ္မတအဖြစ်မြင်ရမယ့်အစား “ဗီလိန်” သမ္မတအဖြစ် ပိုပြီး ပီပြင်စွာတွေ့ကြရပါတော့မယ်။ သူ့ဇာတာမှာကလည်း May – 2025 အထိ လုပ်ကြံခံရကိန်းမလွတ်မြောက်သေးတာကြောင့် ကြားကာလမှာ သူ့အသက် အန္တရာယ်စိုးရိမ်ရတာ မဆန်းလှတော့ပါဘူး။ ထင်ရှားတဲ့ နက္ခတ်ဆရာ အတော်များများက သက်တမ်းမပြည့်ခင်လုပ်ကြံခံရလို့ သေဆုံးလိမ့်မယ်လို့ ဟောကိန်းထုတ်လာကြတာလည်း တွေ့ရပါတယ်။

ပူတင်ဆီ ဖုန်းဆက်တာ တင်းမာသတဲ့

       မဲရေ တွက်ပြီး အောင်နိုင်တာနဲ့ ထရမ့်က သမ္မတပူတင်ဆီကို ဖုန်းဆက်ပါသတဲ့။ အကြောင်းကတော့ ယူကရိမ်းစစ်ပွဲကို ထပ်တိုးမီးရှိန်မမြှင့်ဖို့ ခပ်မာမာသတိ ပေးလိုက်တာလို့ ဆိုတယ်။ ဖြစ်နိုင်ပါ့မလားလို့ ချင့်ချိန်ကြည့်တော့ ဖြစ်နိုင်ခြေနည်း ပါးလွန်းတာ တွေ့ရတယ်။ ဖုန်းဆက်တာကတော့ ဖြစ်နိုင်ပါတယ်။ “ခပ်မာမာ ခပ်ထန်ထန်” ပြောတယ်ဆိုတာ အထိတော့ ဖြစ်နိုင်ဖွယ်သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ရုရှားဘက်က တုံ့ပြန်ထားတာတချို့ကလည်း သံသယရှိစရာဖြစ်နေပါတယ်။ ထရမ့်နဲ့ ပူတင်ကြားမှာ ဆက်ဆံရေးအဖုအထစ်တစ်စုံ တစ်ရာရှိတယ်လို့ တွက်ဆစရာ” ဖြစ်ဖွယ်ရှိပြီလို့ ခန့်မှန်းနိုင်ပါတယ်။ ဒါမှမဟုတ် ကမ္ဘာကြီးကိုလှည့်ဖြားလိုလို့ ဟန်ဆောင်နေကြတာများလားလို့လည်းစဉ်းစားစရာဖြစ်နေပြန်တယ်။

       ရုရှားဘက်က တုံ့ပြန်ချက်တချို့မှာ ပြောခွင့်ရ Dmitry Peskov က “ထရမ့်ဟာ ဘိုင်ဒင်ထက် စာရင် ခန့်မှန်းရ ပိုခက်ခဲ့တဲ့သူဖြစ်တယ်”
  “ယူကရိမ်းစစ်ကို ဘာကြောင့် ၂၄ နာရီအတွင်း ရပ်ပစ်မယ်လို့ ထရမ့်ပြောနိုင်ရပါသလဲ”
ပူတင်က “ယူကရိမ်းစစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ထရမ့်ဟာ ပုံကြီးချဲ့လွန်းရာ ရောက်နေတယ်”

   “ထရမ့်သမ္မတဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ယူကရိမ်းစစ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ညှိနှိုင်းမှုတွေ အများကြီး ရှိနေပါလိမ့်ဦးမယ်”စသဖြင့် ပြောကြားခဲ့တာတွေကို ထောက် ရှုရင် ထရမ့်ဟာ ရုရှားနဲ့ သေသေချာချာမညှိနှိုင်းရသေးပဲနဲ့ သူဖြစ်ချင်တာတွေကို ပြောနေခြင်း၊ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ခြင်းမျိုးလို့ ယူဆစရာဖြစ်နေပါတယ်။

      စည်းရုံးရေးကာလမှာ ထရမ့် ဦးစားပေးလုပ်ဆောင်မယ့်အထဲ ယူကရိမ်းစစ်ဟာထိပ်ဆုံးက ရှိနေပါတယ်။ အခုအချိန်မှာကထဲက ယူကရိမ်းစစ်နဲ့ ပတ်သက်ပြီး အဆိုမူကြမ်းကို ထရမ့်အဖွဲ့က ပြင်ဆင်နေတာတွေ့ရတယ်။ အခြေခံအကျဆုံး သုံးချက်ကိုတွေ့ရတယ်။
• ယူကရိမ်းကို NATO အဖွဲ့ဝင်အဖြစ် နှစ် ၂ဝ အတွင်းမဝင်ရောက်ရေး။
• သိမ်းပိုက်ပြီး ရုရှားစစ်မျက်နှာပြင် ရှေ့တန်းတစ်လျှောက်မိုင် ၈ဝဝ အရှည်ကို UK,NATO တပ်များချထားပြီး စစ်မဲ့ဇုန်အဖြစ်ထားရှိရေး။
• ယူကရိမ်း ကာကွယ်ရေးအတွက် လက်နက်တချို့ကို အမေရိကန်က ရောင်းချပေးရေး။

      အဲ့ဒီ မူကြမ်းလေလှိုင်းပေါ်ရောက်လာပြီးချိန်မှာ ပူတင်ပြောတဲ့စကားက “ယူကရိမ်းဟာ ကြားနေပဲဖြစ်ရလိမ့်မယ်”လို့ မှတ်ချက်ပေးလိုက်တာ တွေ့ရတယ်။ ဆိုလိုတာက ယူကရိမ်းဟာ NATO အဖွဲ့ဝင်ဖြစ်ဖို့ နှစ် ၂ဝ ကို လက်မခံဘူး။ အမြဲကြားနေနိုင်ငံပဲ ဖြစ်ရမယ်လို့ ဆိုလိုလိုက်တာပါ။

      အခြေအနေကို ခြုံကြည့်လိုက်ရင် ယူကရိမ်းစစ်ရပ်စဲရေးဟာ အချိန်အတော်ယူရလိမ့်မယ့်သဘော ဖြစ်လာပါတယ်။ အနောက်အုပ်စု စစ်ရေးကျွမ်းကျင်သူတချို့ရဲ့ ခန့်မှန်းချက်ကိုလည်း မေ့ထားလို့ မရပါဘူး။
      “ပူတင်ဟာ ယူကရိမ်းစစ်နဲ့ ပတ်သက်ပြီး ဘာမှဖိအားမရှိဘူး။ စီးပွားရေးနဲ့ပတ်သက်လို့လဲ ဖိအားရှိတာမျိုးမတွေ့ရဘူး”လို့ဆိုပါတယ်။အဓိပ္ပာယ်ကတော့ ပူတင် စိတ်တိုင်းကျဖြစ်မှ ယူကရိမ်းစစ်ရပ်မယ့်သဘောပါ။ ထရမ့်ကို လိုက် လျောမယ့်ပုံမပေါ်ပါ။

အရှေ့အလယ်ပိုင်းစစ်ပေါ်သဘောထား

      အရှေ့အလယ်ပိုင်းစစ်က ထရမ့်၊ နေတန်ယာဟု၊ အီရန်တို့အတွက် အရေးကြီးသလို ကမ္ဘာကြီးအတွက်လည်းအရေးကြီးလှပါတယ်။အကိုင် အတွယ်တတ်ရင် ထရမ့်အနေနဲ့ နိုဘယ်ဆုကို မျက်စောင်းထိုးနိုင်သလို၊ မဟာဗျူဟာမှားသွားရင်လည်း အကန့်အသတ်မဲ့ စစ်ကြီးလည်း ဖြစ်သွားနိုင်ပါတယ်။ အီရန်ဟာလည်း အနုမြူပိုင်ဆိုင်ထားသူဖြစ်ပြီး ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတွေနောက်မှာရှိထားလို့ ကမ္ဘာစစ်အထိ ကျယ်ပြန့်သွားနိုင်တဲ့အရေးအခင်းတစ်ခုပါ။

       နေတန်ယာဟုက သတင်းတစ်ခုတင်လိုက်တာ တွေ့ရတယ်။
     “အီရန်အပေါ်အမြင်မှာ ထရမ့်နဲ့ နေတန်ယာဟုတို့ဟာ ကွဲပြားခြားနားမှုမရှိပဲ ထပ်တူဖြစ်ပါတယ်”
     “အီရန်ရဲ့ ခြိမ်းခြောက်မှုကြီးမားတာကိုထရမ့်က ကောင်းကောင်းသဘောပေါက်တယ်” စသဖြင့် သတင်းတွေ တက်လာပါတယ်။ ထရမ့်ကလည်း ပြောဖူးတာ ရှိပါတယ်။
      “ကျွန်တော် စစ်ကို မဖန်တီးပါဘူး။ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကိုတော့ အမှုန့်ချေသွားမှာပါ”
     အီရန်ကိုရည်စူးပြီး ပြောတဲ့စကားမှန်း အားလုံးက သိကြပြီးဖြစ်ပါတယ်။ ထရမ့်ရဲ့ထိပ်တန်းဦးစားပေးကိုင်တွယ်ရမဲ့ ကိစ္စတွေမှာ အီရန်၊တရုတ်တို့လည်း ပါဝင်နေပါတယ်။

      ထရမ့် ပထမသက်တမ်းမှာတုန်းက အီရန်ရဲ့ အစောင့်တပ်မှူးကို ဒရုန်းနဲ့လုပ်ကြံခဲ့တယ်။ ထရမ့်စည်းရုံးရေးခရီးစဉ်ကာလမှာ အီရန်က $ 500,000 ပေးပြီး ထရမ့်ကိုလုပ်ကြံခိုင်းခဲ့တယ်။
ရွေးကောက်ပွဲပြီး ထရမ့်သမ္မတအဖြစ်အတည်ပြုပြီးချိန်မှာ FBI က သတင်းတစ်ခု ထုတ်ပြန်ပေးတယ်။ ထရမ့်ကို အီရန်ကလုပ်ကြံဖို့ ကြိုးစားခဲ့ပြီးလုပ်ကြံဖို့ စေလွှတ်ခဲ့တဲ့ အမှုတစ်ခုရှိနေကြောင်း၊ ပါဝင်ကြသူတွေကို ကြိုတင်ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေကြောင်း။

      သူ့အသက်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အီရန်ကို ထရမ့်ဘက်က ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ နေတန်ယာဟုက တစ်ဆင့် အီရန်ကို Regime Change ဖြစ်တဲ့အထိ ကိုင်တွယ်သွားမယ်လို့ ခန့်မှန်းလို့ ရပါလိမ့်မယ်။ ဒါပေမဲ့ ထင်သလောက် ခရီးပေါက်ပါ့မလားဆိုတာ ဖြစ်လာပါတယ်။ လောလောဆယ်မှာ အစ္စရေးဟာ ဟားမက်၊ ဟဇ်ဘိုလာ၊ အီရန်၊ ဟူသီဆိုတဲ့ စစ်မျက်နှာလေးခုနဲ့ ရင်ဆိုင်နေရတယ်။ အခြေအနေတွေက ၁၉၆၇ တုန်းကနဲ့ လုံးဝမတူတော့ပါဘူး။ ဟဇ်ဘိုလာတွေဘက်က ပစ်လိုက်တဲ့ မစ်ဇိုင်းတွေ၊ ဒရုန်းတွေကို ရာခိုင်နှုန်း ၆ဝ၊ ရာခိုင်နှုန်း ၇ဝ လောက်သာ ပစ်ချ
နိုင်ပါတော့တယ်။ အခုဆိုရင် အစ္စရေးရဲ့မြို့တော် တဲလာဗီကို ဟဇ်ဘိုလာဘက်က ဒရုန်းတွေ၊ မစ်ဇိုင်းတွေစုပြုံပစ်ခတ်နေလို့ အနီရောင် အန္တရာယ်အချက်ပေးတွေတောင် တပ်လှန့်နေရတာ တွေ့ရတယ်။

      ၂၀၂၄ နိုဝင်ဘာ ၁၀ ရက်နေ့မှာ တက်လာတဲ့သတင်းတစ်ပုဒ်က နေတန်ယာဟုအတွက်ရော ထရမ့်အတွက်ရော ကြီးကြီးမားမား ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။ အဲ့ဒါကတော့ ဆော်ဒီရဲ့ လက်နက်ကိုင်ဦးစီးချုပ်က အီရန်ကိုရောက်လာပြီး အီရန်လက်နက် ကိုင် ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဆော်ဒီနဲ့ အီရန်ဟာရန်သူတွေပါ အရေးကြုံလာပြီလို့ ယူဆကြတဲ့အတွက် ရန်သူတဖြစ်လဲကနေ မိတ်ဆွေအဖြစ် ပူးပေါင်းပြီး အစ္စရေးနဲ့ အမေရိကန်ကို ရင်ဆိုင်သွားမယ်ဆိုတဲ့ လက္ခဏာဖြစ်နေပါတယ်။

      နောက် အရေးကြီးတဲ့အချက်က တူရကီရဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ဝင်ဖြစ်ပေမယ့် BRICS နဲ့ ပူးပေါင်းတာ၊ အီရန်နဲ့ ပူးပေါင်းတာတွေ လုပ်ပြနေတာဟာလည်း အန္တရာယ်အလွန်ကြီးလှပါတယ်။ အစ္စရေးနဲ့ အီရန်မလွှဲမရှောင်သာလို့ All Out War ဆိုတဲ့အလုံးစုံစစ်ဖြစ်ပြီဆိုရင် တူရကီက အီရန် ဘက်ကနေဝင်ကူညီမယ်လို့ အတိအလင်း ဖွင့်ပြောပြီးထားပါတယ်။

       အမေရိကန်ရော၊ အစ္စရေးရောက Muslim Worldနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်သဘော ဖြစ်လာပါတယ်။ ဒါကြောင့် Biden လက်ထက်မှာ အစ္စရေး ကို အမေရိကန်က လွှတ်မပေးဘဲ ထိန်းချုပ်နေခဲ့တာပါ။ ဒါပေမဲ့ ဇွတ် တရွတ်လုပ်လေ့ရှိတဲ့ ထရမ့်လက်ထက်မှာ ဆန့်ကျင် ဘက် ဖြစ်သွားနိုင်ပါတယ်။

တရုတ်က ဘယ်လိုတုံ့ပြန်ထားသလဲ

      ပထမသက်တမ်းမှာ ထရမ့်က တရုတ်ကိုကုန်သွယ်စစ်ခင်းခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ထရမ့်က တရုတ်သမ္မတ“ရှီး”နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခင်မင်ကြသူတွေလို့ ပြောခဲ့တာတွေ့ရပေမယ့် တရုတ်သွင်းကုန်တွေအပေါ် ရာခိုင်နှုန်း အခွန်တိုးမြှင့်မယ်လို့ ခြိမ်း ခြောက်ထားတာ တွေ့ရတယ်။

      ရုရှား၊ တရုတ်စတဲ့ စူပါ – ပါဝါတန်းဝင်လာတဲ့ နိုင်ငံကြီးတွေနဲ့တော့ စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ ထရမ့်မှာ အစီအစဉ်မရှိဘူးလို့ သူ့စကားအရ ပြောနိုင်ပါတယ်။ ဒါပေမဲ့ Proxy War, Trade War တွေနဲ့တော့ ထိပ်တိုက်တွေ့နိုင်ပါတယ်။တရုတ်ဘက်က ထရမ့်သမ္မတအဖြစ်အနိုင်ရတဲ့အချိန်မှာ ပြောလိုက်တဲ့ စကားအရ “ထရမ့်အနေနဲ့ တစ်ကျော့ပြန်သမ္မတဖြစ်လာတာ အံ့ဩစရာမရှိပါဘူး”
       “တရုတ်ကို ထရမ့်ဘက်က ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ တရုတ်ဘက်က အရာရာကို အားလုံးအဆင့်သင့်ပြင်ထားပြီးပါပြီ”

      တရုတ်ရဲ့ တုံ့ပြန်မှုက သံတမန်ဆန်ပြီး အသွားထက်တာတွေ့ရတယ်။ ထရမ့်ဘက်က အကဲစမ်းလာရင်လည်း လက်ခံပြီး ထိပ်တိုက်တွေ့ကြတာပေါ့ဆိုတဲ့ အဓိပ္ပာယ်ထွက်နေပါတယ်။

     ဘာပဲပြောပြော ထရမ့် သမ္မတ ဖြစ်လာတာဟာ တရုတ်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာရတာ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ထရမ့် ပထမသက်တမ်းတုန်းကလိုပဲ ကုန်သွယ်ခွန်တွေတိုးရင်တရုတ်ဘက်ကလည်း ကုန်သွယ်ခွန်တွေ ပြန်တိုးသွားမှာပါ။ အဲ့ဒီမှာ ကုန်သွယ်စစ်ဖြစ်ပြီး စီးပွားရေးကျဆင်းကုန်ကြမှာ ဖြစ်ပါတယ်။လောလောဆယ်မှာ US GDP က ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး တရုတ်က ၄ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ တရုတ်စီးပွားရေး တိုးတက်နှုန်း ကျဆင်းသွားတာတော့ အမှန်ပါပဲ။

      EU, NATO, အခြားကိစ္စရပ်များ ထရမ့်က President Electပဲရှိပါသေးတယ်။ အဓိပ္ပာယ်က “ရွေးချယ်ခံ သမ္မတ”အဆင့်ပါ။ ကျမ်းကျိန်ပြီးမှ
တင်းပြည့်ကျပ်ပြည့် – President” ဖြစ်မှာပါ။ President Elect ဘဝမှာတင် ထရမ့်ကြိမ်းဝါး နေတာတွေက ငလျင်လှုပ်သလို ကြောက်စရာကြီးပါ။ အမေရိကန်အနေနဲ့. အနောက်ဥရောပကို ကာကွယ်နေရတာမှာ ကုန်ကျစရိတ်ကျခံရမယ်ဆိုတာဖြစ်လာပါပြီ။ အတော်ဂယက်ရိုက်သွားပါတယ်။ ပိုပြီး ပြင်းအား ရစ်ချက်စကေး ၇ ဒသမ ဝ နဲ့ လှုပ်သွားတာကတော့ NATO ထဲက နုတ်ထွက်မယ်ဆိုတာပါပဲ။

      မဟာမိတ်ထဲက နုတ်ထွက်ရင် လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမယ်ဆိုတာရှိပါတယ်။ အထက် လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံက ထောက်ခံမှုရမှသာ အောင်မြင်ပါတယ်။ သုံးပုံနှစ်ပုံကို ရဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထရမ့်က “နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံခြား ရေးမူဝါဒကို သမ္မတက ချမှတ်နိုင်တယ်။ ဒါကြောင့် လွှတ်တော် သဘောထားကိုကျော်ပြီး သမ္မတပါဝါနဲ့ပဲ နုတ်ထွက်မယ်”လို့ ဆိုလာပါတယ်။ ဒီကိစ္စကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အကြီးအကျယ်ပြဿနာတက်မယ့် ကိစ္စဖြစ်လာရပါပြီ။ Republican နဲ့ Democrat တို့အကြီးအကျယ် ထိပ်တိုက်တွေ့ကြမဲ့ ကိစ္စဖြစ်ပြီး ထရမ့်နဲ့ သူ့ပါတီကြားမှာလည်း ကြီးကြီး မားမားဝိဝါဒတွေ ကွဲပြားနိုင်ပါတယ်။

      ထရမ့်နဲ့ EU ကြား၊ ထရမ့်နဲ့ NATO ကြား အကြီးစားအက်ကြောင်းတွေ စတင်ပေါ်ပေါက်လာပါပြီ။ အိမ်ဖြူတော်ရောက်သမ္မတဖြစ်လာရင် ဘာတွေထပ်ပြီး ပြဿနာတွေတက်ကြဦးမယ် မသိပါဘူး။

     အမေရိကန်မှာ Fedဆိုတာအရေးအလွန်ပါတဲ့ နေရာကြီးပါ။ သီးခြား ဥက္ကဋ္ဌဖြစ်ပြီး သမ္မတရဲ့ သြဇာလွှမ်း မိုးလို့ မရတဲ့နေရာ ဖြစ်ပါတယ်။ Jerome Powell က Fedရဲ့လက်ရှိ ဥက္ကဋ္ဌဖြစ်ပါတယ်။ ငွေကြေးမူဝါဒဆိုင်ရာမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ ဘိုင်ဒင် သမ္မတကာလမှာ Fed ဥက္ကဋ္ဌ Powell ကို လုပ်ကိုင်မှု အရည်အသွေးညံ့ဖျင်းတယ်။ အဲ့ဒီနေရာမှာ မရှိသင့်တော့ဘူးလို့ ထရမ့်က ဝေဖန်ခဲ့ဖူးပါတယ်။ ထရမ့် သမ္မတဖြစ်လာရင် Powellကိုဖယ်ရှားမှာ အသေအချာပါပဲ။ ဒါကိုသိတဲ့ Powell က ကြိုတင်ပြီး လေသံပစ်ပြလိုက်တာ တွေ့ရတယ်။
      “ထရမ့်သမ္မတဖြစ်လာလို့ ကျွန်တော့်ကို ဖြုတ်ပစ်ရင် ကျွန်တော်ထွက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရာထူးက ဥပဒေနဲ့ပြဋ္ဌာန်းထားတာပါ။သမ္မတ အာဏာနဲ့ဖြုတ်လို့မရပါဘူး။ “အောင့် သက်သက်နဲ့ အတော်ကြီး ထရမ့်ခံရပါလိမ့်မယ်။ ထရမ့်ဆိုတဲ့ လူကလည်း သူလုပ်ချင်တာကိုရအောင် လုပ်တဲ့သူဖြစ်ပါတယ်။

Deep State နဲ့ ထရမ့်

      ပထမသက်တမ်းမှာကထဲက Deep State ကိုရှင်းပစ်မယ်လို့ ထရမ့်က ကြွေးကြော်ခဲ့တယ်။ဒါပေမဲ့ မလုပ်ဆောင်သွားနိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာလည်း Deep State ကိုရှင်းဖို့ ထရမ့်ရဲ့ ထိပ်တန်း ဦးစားပေးထဲမှာပါဝင်နေပါတယ်။ အတော်အန္တရာယ်ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ Deep State ဆိုတာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်မဟုတ်ပါဘူး။ စနစ်တစ်ခုဖြစ်ပါတယ်။ Deep State ကိုရှင်းရင် အရေအတွက် များစွာသော သူတွေကို ရှင်းထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့သလောက်ထရမ့် စွမ်းဆောင်နိုင်ပါ့မလား
     Deep State ကရော ထရမ့် ရှင်းပစ်တာကို ငြိမ်ခံနေပါ့မလား၊
     မက်ဗီဒက်ပြောခဲ့တဲ့စကားတစ်ခွန်းကသတိထားစရာပါ။
     “ထရမ့်ဟာ သမ္မတအဖြစ် အရွေးချယ်ခံရရင် ယူကရိမ်းစစ်ကိုလည်း ရပ်တန့်ပစ်မယ်ဆိုရင် သူဟာဒုတိယ JFK ဖြစ်လာပါလိမ့်မယ်။”
     မက်ဗီဒက်က Deep State ကို ရည်ညွှန်းတာပိုဖြစ်နိုင်ပါတယ်။ ရုရှားဘက်က လုပ်ကြံမယ်ဆိုရင်တော့ အခုလိုဖွင့်ပြောမှာမဟုတ်ပါဘူး။

     ဒီတစ်ခါတစ်ကျော့ပြန်ထရမ့်သမ္မတ ဖြစ်လာတာဟာ ကမ္ဘာကြီးကောင်းဖို့လား၊ပိုဆိုးဖို့လား၊
     ဘာပဲပြောပြော အားလုံးကို ခြောက်ခြားစေနိုင်တာကတော့ ငြင်းလို့ မရပါဘူး။
      ထရမ့်ကိုယ်တိုင်လည်း အသက်အန္တရာယ်နဲ့ရင်းပြီး ခြောက်ခြားရမှာဖြစ်ပါလိမ့်မယ်။

#PAN