(ကျန်းမာရေး)ဒီဇင်ဘာ ၂၁
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin B 7(Biotin) အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Vitamin B 7(Biotin) ဆိုတာဘာလဲ
Vitamin B7(Biotin) ဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီ အုပ်စုဝင် အမျိုးအစားဖြစ်ပါတယ်။ တခြား နာမည်တွေကတော့ ဘိုင်အိုတီနာ (Biotina)၊ ဘိုင်အိုတင်း (Biotine) နဲ့ Coenzyme R တို့လို့လဲခေါ်ကြပါသေးတယ်။ နောက်တမျိုးအနေနဲ့ Vitamin H ဟုလဲ ဖော်ပြကြပါတယ်။ H ဆိုတာ ဂျာမန်စကား “Haar” und “Haut” ဖြစ်ပြီး “Hair” and “skin” လို့ အဓိပ္ပါယ်ရပါတယ်။
Vitamin B 7(Biotin) က ဘာတွေလုပ်ဆောင်ပေးလဲ
Vitamin B 7(Biotin) သည် စွမ်းအင်ဖြစ်စဉ်မှာ ပါဝင်ကူညီပေးကြပါတယ်။ စားလိုက်တဲ့ အစာအဟာရကနေ ဂလူးကို့စ်ကို ပြောင်းလဲပေးတယ်။ အမိုင်နိုအက်ဆစ်၊ဖက်တီးအက်ဆစ်နဲ့ ဆဲလ်သစ်တွေ ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်ပေးတယ်။ အထူးသဖြင့် ခြေသည်း၊လက်သည်းနဲ့ ဆံသားအခြေမှာရှိတဲ့ ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေတယ်။ အာရုံကြောစနစ် ကောင်း မွန်အောင် ထောက်ကူပေးတယ်။ ဦးနှောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ လုပ်ဆောင်မှုကို ကောင်းမွန်စေတယ်။ ကျောက်ကပ်အထက် အက်ဒရီနယ်ဂလင်းကို ထောက်ပံ့ကူညီပေးတယ်။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့အချက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။
Vitamin B 7(Biotin) က ဘာအတွက် လိုတာလဲ
၎င်းသည် ဗီတာမင် C ပေါင်းစပ်မှုအတွက် လိုအပ်သော အရာဖြစ်ပြီး အဆီနှင့် ပရိုတင်း၏ ပုံမှန်ဇီဝဖြစ် ပျက်မှုအတွက် မရှိမဖြစ်လိုအပ်ပါ သည်။ သဘာဝအတိုင်း ကြီးထွားဖွံဖြိုးမှုနှင့် လူ့ခန္ဓာ ကိုယ်၏ ပုံမှန်လုပ်ဆောင်မှုနှင့် လူ့ခန္ဓာကိုယ်ကျန်းမာရေးကို ထိန်း သိမ်းရန် လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။
Vitamin B 7(Biotin) သည် ခန္ဓာကိုယ်အား ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ထောက်ပံ့ပေးသော ကြောင့်၊ ဤဗီတာမင်သည် ကျန်းမာသောဆံပင်၊ လက်သည်းနှင့် အရေပြားတို့ကို ထိန်းသိမ်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သော ကြောင့်ဖြစ်သည်။
Vitamin B 7(Biotin) ဟာ ဆံပင်၊အရေပြား၊ ခြေ သည်းလက်သည်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင် ဖြစ်တဲ့အတွက် Beauty vitamins လို့လဲ ခေါ်ရင်လဲ မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာလဲ ကလေး ပုံမှန် ကြီးထွားဖို့အတွက် Biotin ကိုလိုအပ်ပါတယ်။ Biotin ကို ခန္ဓာကိုယ်ထဲမှာ မသိမ်းဆည်းနိုင်တာကြောင့် နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။
Vitamin B 7(Biotin) ချို့တဲ့ခြင်း
Vitamin B 7(Biotin) ချို့တဲ့ခြင်းသည် များသော အားဖြင့် ကယ်လိုရီနှင့် အစားအစာ လုံလောက်သော နိုင်ငံများတွင် ရှားပါသည်။ လေ့လာမှုတွေအရ ကိုယ် ဝန်ဆောင်မိခင်တွေရဲ့ ထက်ဝက်ခန့်ဟာ Vitamin B 7(Biotin) ချို့တဲ့နိုင်ပါတယ်။ သုံးစွဲမှုထက် ပျက်ဆီးမှုများလို့လည်း ဖြစ်တယ်။ သုသေသနအဖြေတွေအရ Vitamin B 7(Biotin) ချို့တဲ့တဲ့မိခင်က မွေးလာတဲ့ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက် ရှိနိုင်တယ်။ ဥပမာ မွေးရာပါ အာခေါင်၊ပါးစပ်ကွဲနေတာမျိုးပါ။ မိခင်ထက် ကလေးကို ပိုဒုက္ခပေးနိုင်လို့ သတိပြုသင့်တယ်။ အထူးသဖြင့် ကိုယ်ဝန် ဆောင်၊ နို့တိုက်မိခင်၊ အသက်အရွယ်ကြီးရင့်သူ၊အားကစားသမားနဲ့ အရက်သမားတွေမှာ Vitamin B 7(Biotin) ဓာတ် ချို့တဲ့နိုင်သူတွေ ဖြစ်ကြတယ်။ ဆီးချိုရောဂါသည်၊ ကျောက်ကပ်ဆေးတဲ့ လူနာတွေဟာ ပိုမိုချို့တဲ့နိုင်ပါတယ်။
အစားအသောက်ကြောင့်လည်း Vitamin B 7 (Biotin) ဓာတ် ချိုတဲ့နိုင်ပြန်တယ်။ ဥပမာ ကြက်ဥအကာကို အစိမ်းလိုက် သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ Vitamin B 7(Biotin) ဓာတ် ချို့တဲ့လာတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကြက်ဥအကာမှာပါဝင်တဲ့ Avidin ဓာတ်က Vitamin B 7(Biotin) နဲ့ ပေါင်းစပ်လို့ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းကြွက်တွေကို ကြက်ဥ အကာတမျိုးထဲ နေ့စဉ်ကျွေးထားပြီး စစ်ဆေးကြည့်တဲ့အခါ ပြောင်းလဲမှုအချို့ကို တွေ့ရတယ်။
သို့သော် Avidinဓာတ်ဟာ အပူပေးချက်ပြုတ်ခြင်းကြောင့် ပျက်ဆီးနိုင်တယ်။ ဒါ့ကြောင့် ကြက်ဥကြော်၊ကြက်ဥပြုတ် စားသုံးခြင်းကြောင့် Vitamin B 7 (Biotin) ချို့တဲ့မှုမရှိနိုင်ပါဘူး။ Vitamin B 7(Biotin) ဓာတ် ချို့တဲ့ခြင်းက အရေပြားရောဂါတွေကို ဖြစ်ပေါ်စေတယ်။အရေပြားခြောက်သွေ့ခြင်း၊ အကြေးခွံလန်ခြင်း၊လက်သည်း၊ ခြေသည်း မာကျောကျွတ်ဆတ်လာခြင်း စတဲ့လက္ခဏာတွေ ခံစားရတယ်။ဆံပင်အရောင် မွဲခြောက်တာ၊ ဆံပင်ကျွတ်တာက Vitamin B 7 (Biotin) ဓာတ် ချို့တဲ့လို့ ဖြစ်နိုင်တယ်။ ကလေးတွေမှာ အစားပျက်ပြီး ကြီးထွားမှု နှေးကွေးလာတယ်။ ပါးစပ်အနာပေါက်တာ၊မျက်စိခြောက်သွေ့တာ၊ အစား အသောက်ပျက်၊အားယုတ်တာ၊ အိပ်မပျော်တာ၊ စိတ်တိုလွယ်၊စိတ်ဓာတ်ကျလွယ်တာမျိုးဟာ Vitamin B 7 (Biotin) နဲ့ သက်ဆိုင်တယ်။ကြာလာတာနဲ့အမျှ ကြွက် သားနာတာ၊ ကြွက်တက်တာမျိုး ဖြစ်လာတယ်။ အာရုံကြောရောင်ရမ်းတဲ့ ဆင်တူရိုးမားလက္ခဏာတွေ ခံစားလာရတယ်။
Biotin ချို့တဲ့ တဲ့ လက္ခဏာတွေကတော့
• ဆံပင်ကျွတ်ခြင်း၊ ဆံပင်အရောင် မွဲခြောက်ခြင်း၊
• အသားအရေ ခြောက်သွေ့ခြင်း ၊ အရေပြား ရောင်ရမ်းခြင်း၊
• ခြေသည်း လက်သည်း ကြွတ်ဆတ်ပြီး ကျိုးလွယ်ခြင်း တို့ဖြစ်ပါတယ်။
Biotin ကို နေ့စဉ် လိုအပ်ချက်
အသက်အရွယ်အလိုက် Biotin လိုအပ်ချက်တွေကတော့ –
• ၁၂ လအောက်ကလေး : 7 mcg
• အသက် ၁ – ၃ နှစ် : 8 mcg
• အသက် ၄ – ၈ နှစ် : 12 mcg
• အသက် ၉ – ၁၃ နှစ် : 20 mcg
• အသက် ၁၄ – ၁၈ နှစ် : 25 mcg
• ၁၈ နှစ် အထက် : 30 mcg
• ကိုယ်ဝန်ဆောင် မိခင် : 30 mcg
• နို့တိုက် မိခင် : 35 mcg တို့ လိုအပ်ပါတယ်။
Biotin ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ လိုအပ်တာထက် ပိုနေမယ်ဆိုရင်တောင် ဆီးနဲ့အတူ စွန့်ထုတ်ပစ်တာ ဖြစ်လို့ ပမာဏ အများကြီး စားသုံးမိရင်တောင်ဘေးထွက်ဆိုးကျိူး သိပ်မရှိပါဘူး။
Vitamin B 7(Biotin) ဘယ်လိုရမလဲ
Biotinကို ဗက်တီးရီးယား၊ မှိုပိုးနဲ့ အပင်မျိုးစိတ်အချို့က ဖွဲ့စည်းပေးတယ်။ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပမာဏအများစုကို အစားအသောက် ကနေ အဓိက ရရှိတယ်။ အနည်းစုကို လူ့ခန္ဓာကိုယ်တွင်း အစာခြေလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဗက်တီးရီး ယားတွေကလည်း ထုတ်လုပ်ပေးနိုင်တယ်။ ဒီအချက်ကို အခြေခံပြီး အာဟာရပညာရှင်အချို့က ဖြည့်စွက်ဆေးဝါး မလိုအပ်ဘူးလို့ သုံးသပ်ကြတယ်။ လူတွေနေ့စဉ် စားသုံးနေတဲ့ အစားအစာအများစုမှာ Biotin ဓာတ်တွေ ပါဝင်ပါတယ်။ Biotin ဟာ နေ့စဉ် စားသောက်တဲ့ အစားအစာအများစုမှာ ပါဝင်ပါတယ်။ အထူးသဖြင့် –
• အသား၊ ငါး
• အသည်း
• နို့၊ ဒိန်ခဲ၊ ချိစ်
• ကြက်ဥ အနှစ်
• မြေပဲ၊ almond စေ့
• ပန်းဂေါ်ဖီ
• မှို
• ကန်စွန်းဥ
• ထောပတ်သီး
• ဟင်းနုနွယ်ရွက် တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။
ယေဘုယျအားဖြင့် အသည်း ၁၀၀ဂရမ်မှာ Biotin ၁၀၀မိုက်ခရိုဂရမ်(100 mcg)လောက် ပါဝင်တာ တွေ့ရတယ်။
Biotin ကို လက်ရှိမှာ ဆံပင်၊ ခြေသည်း၊ လက် သည်း နဲ့ အသားအရေ လှပဖို့အတွက် သုံးစွဲနေတဲ့ အားဖြည့်ဆေးတွေမှာ အများဆုံး တွေ့ရပါတယ်။ ဆံပင်သန်ဆေးနဲ့ ဝက်ခြံပျောက်လိမ်းဆေးတွေမှာ ထည့်သွင်းတတ်တယ်။ Biotin သောက် ဆေးချည်း သီးသန့်လာတာမျိုးလည်း ရှိပါတယ်။ ဆေးပမာဏက 5 mg-20 mg အမျိုးမျိုးဖြစ်နိုင်တယ်။ ဆံပင်မြန်မြန်ပေါက်ချင်တယ် ဆံသားထူချင်တယ်ဆိုရင် Biotin သောက်ဖို့ လိုအပ်ပါတယ်။ လက်ရှိချိန်ထိ Biotin toxicity အဆိပ် အတောက် ဖြစ်စေနိုင်လောက်တဲ့ ပမာဏကိုလည်း မသတ်မှတ်နိုင်ဘူး။ ဆေးအလွန် အကျွံသောက်သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဘူး။ ဆေးကြောင့် ပျို့ချင်၊အန်ချင် ဖြစ်ရုံကလွဲရင် လူရော၊တိရိစ္ဆာန်ကိုပါ ဒုက္ခပေးတာမျိုး မတွေ့ရပါဘူးဆိုတာ ကျန်းမာရေးကဏ္ဍကနေ ဖော်ပြလိုက်ရပါတယ်။
(Crd: Nature’s Vitals ၊ Justgood Health)
#PAN