မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ


(ပြည်တွင်း) ဒီဇင်ဘာ ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File)ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) သို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပိုတင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် ဒီဇင်ဘာ ၅ ရက်၌ တရားဝင် ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျှင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင် ပါဝင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို ပါဝင်နိုင်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအမွေနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ အရပ်ဖက် လူမှုအဖွဲအစည်းများနှင့် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ဖြစ်သည်။

“မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာက ပိုမိုသိရှိလာနိုင်ခြင်း၊ မျိုးဆက်သစ် နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန်ကို ရိုးရာမပျက် ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထု၏ အသိအမြင် ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN