“စတုတ္ထအကြိမ်မြောက် မြန်မာ့နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွားနှင့် ဆိတ်အလှပြပွဲပြိုင်ပွဲ ကျင်းပမည်”


(ပြည်တွင်း)နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမယ့် စတုတ္ထအကြိမ်မြောက် မြန်မာ့နွားသိုးအလှ၊ အသားတိုး နွား၊ နို့စားနွားနှင့် ဆိတ်အလှပြပွဲပြိုင်ပွဲကို မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ရွာတွင် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးအပြင် အသား ကဏ္ဍတိုးတက်စေရန်နှင့် အဆိုပါမွေးမြူရေး လုပ်ငန်းများမှထွက်ရှိတဲ့ အသားနှင့် နို့ပိုမိုရရှိစေရန်ရည်ရွယ်ပြီး စတုတ္ထ အကြိမ်မြောက် ပြပွဲပြိုင်ပွဲအဖြစ် ကျင်းပရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ မြို့နယ်မှ နို့စားနွား၊ အသားတိုးနွားနှင့် ခိုင်းနွား၊ သိုး၊ ဆိတ် စတဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများ ဝင်ရောက်ပြသ ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။ ဒေသနွားသိုးအလှပြိုင်ပွဲတွင် သက်ဆိုင်ရာမျိုးရင်းအလိုက် ရှိသင့်ရှိထိုက်တဲ့ သွင်ပြင်လက္ခဏာများ၊ ခြေလက် တောင့်တင်းခိုင်မာမှု၊ အလျား၊ အမြင့်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစား စသည့် အချက်များဖြင့်တိုင်းတာပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ရွေးချယ် အမှတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် နွား ၁၀၇ ကောင်နှင့် ဆိတ် ၃၈ ကောင်တို့က ပြိုင်ပွဲအမျိုးအစား ခုနစ်မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း သိရပါတယ်။

#PAN