မြောက်ကိုးရီးယားစစ်တပ်က ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံကို တိုးချဲ့နေ


(နိုင်ငံတကာ) နိုဝင်ဘာ ၂၇
မြောက်ကိုးရီးယားသည် ယူကရိန်းစစ်မြေပြင်တွင် အသုံးပြုသည့် တိုက်ခိုက်ရေးဒုံးကျည်များထုတ်လုပ်သည့် လက်နက်စက်ရုံကို တိုးချဲ့နေကြောင်းသိရသည်။
အဆိုပါစက်ရုံမှာ မြောက်ကိုးရီးယား၏ KN-23, KN-24 ဒုံးကျည်များ ထုတ်လုပ်ပေးသည့်နေရာဖြစ်ကြောင်းသိရသည်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က အကြိမ်ပေါင်းများစွာ လာရောက် လည်ပတ်သည့် အဆိုပါစက်ရုံမှာ နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ Hamhung တွင် တည်ရှိပြီး မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာများကလည်း နည်းဗျူဟာမြောက် ဒုံးကျည်များ အမြောက်အမြား ထုတ်လုပ်ခဲ့သည့်စက်ရုံဖြစ်ကြောင်း ဖော်ပြခဲ့သည့် စက်ရုံလည်းဖြစ်သည်။
မကြာသေးမှီက ရုရှားစစ်တပ်မှ ယူကရိန်းသို့ တိုက်ခိုက်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်များ၏ သုံးပုံတစ်ပုံမှာ မြောက်ကိုးရီးယားထုတ် ဒုံးကျည်များဖြစ်ကြောင်း ယူကရိန်းစစ်ဘက်တာဝန်ရှိသူများမှ ထုတ်ပြန်ထားသည်။
ရုရှားနှင့်မြောက်ကိုးရီးယားနိုင်ငံတို့သည် အပြန်အလှန် ကာကွယ်ရေးသဘောတူညီမှု ရယူပြီးနောက် မြောက်ကိုးရီးယားမှ အမြှောက်ကျည်ဆံများ၊ ပဲထိန်းဒုံးကျည်များနှင့် တပ်ဖွဲ့ဝင်များပါ ရုရှားသို့ ပေးပို့ကူညီနေပြီး ရုရှားနိုင်ငံမှလည်း မြောက်ကိုရီးယားသို့ ရေနံများတင်ပို့ခဲ့ကြောင်း မီဒီယာများဖော်ပြခဲ့သည်။

#PAN